၇ စက်တင်ဘာ
Miss International Myanmar 2018 Winner ဆုရှင် အလှမယ် မေယုခတ္တာ အနေဖြင့် Yangon International Medical Services ၏ အဓိက ကူညီမှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bumrugrad International Hospital ရှိ Vitalife အလှအပ၊ ကျန်းမာရေး ဆိုင်ရာ စင်တာတွင် အလှအပဆိုင်ရာ ဆေးစစ်မှုများကို ယခုလ (၄) ရက်နေ့မှ စတင်ပြုလုပ်ခဲ့ပြီး၊ (၆) ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ သွားရောက်ကာ အလှမယ် တစ်ယောက်၏ နေထိုင်မှု ပုံစံများ လေ့ကျင့်ရမည်ဟု သိရသည်။
ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှု
"အခုလောလောဆယ်တော့ Vitalife မှာ ညီမရဲ့ မျက်နှာကို အသားအရည် တင်းရင်းပြီး အသား မညီညာတာတွေကို အဓိကထားပြီး လုပ်ဆောင်ခဲ့ပါတယ်၊ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီး ကိုယ့်မှာ လိုအပ်နေတာတွေ ဆဲလ်သေတွေကို အသစ်တဖန် ပြန်လည် ကောင်းမွန်အောင်လုပ်ဆောင်မှာပါ၊ နောက်ပြီး Bumrugrad မှတော့ ညီမ ဆေးစစ်ပြီးတော့ ခန္ဓာကိုယ်မှာ လိုအပ်တာတွေကို ဆွေးနွေးခဲ့ပါတယ် အဲ့ဒါကို ဘန်ကောက်မှာ ညီမ (၄) ရက်တိတိ နေထိုင်ပြီး ပြုလုပ်ခဲ့တာပါ၊ ညီမအနေနဲ့ အောက်တိုဘာလထဲမှာ ဂျပန်ကိုသွားမယ်၊ နိုဝင်ဘာ(၉) ရက်နေ့ကို စပြိုင်ရမှာပါ၊ ဂျပန်နိုင်ငံ ဆိုတာကလည်း၊ အသားအရည်ကို ထိန်းသိမ်းတဲ့ နိုင်ငံဆိုတော့ ညီမအနေနဲ့ အခုလို အသားအရည် အတွက်ကို လာရောက်ပြုလုပ်ရတာပါ မိန်းကလေး၊ ယောကျာ်းလေး မခွဲခြားဘဲ မိမိ အသားအရည်ကို ထိန်းသိမ်းသင့်ပါတယ်၊ အခုလို ခေတ်မီနေတဲ့ အချိန်မှာ ကိုယ့်ရဲ့ ကျန်းမာရေး ကောင်းမွန်ရုံနဲ့လည်း မပြီးပါဘူး၊ အသားအရည်ပိုင်းကိုလည်း ထိန်းသိမ်းဖို့ လူတိုင်း လိုအပ်ပါတယ်၊ တကယ်လို့ ငွေကြေး မတတ်နိုင်သူတွေလည်း ကိုယ်နဲ့ ကိုက်ညီမယ့် အရာလေးတွေနဲ့ ထိန်းသိမ်းသင့်ပါတယ်၊
ပြိုင်ပွဲအတွက် ပြင်ဆင်မှု
"ဒီပွဲကြီးအတွက် ဖက်ရှင်ပိုင်ဆိုလည်း အန်တီ မိုးကုတ်ပေါက်ပေါက်ကနေ တာဝန်ယူပေးတယ်၊ နောက် အရည်အချင်းပိုင်း ပြသရတဲ့အခါ ညီမ အနေနဲ့ အကဆရာ မန္တလေး သိန်းဇော် ဆီမှာ သင်ယူနေပါတယ်၊ ပွဲက နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို အဓိကထား ပြသရတဲ့ ပွဲဖြစ်တာမို့ အဲ့အတွက်လည်း ညီမ ကိုယ့်နိုင်ငံရဲ့ အထင်ကရ နေရာတွေကို သေချာလေ့လာပြီး၊ ချပြသွားဘို့ စီစဉ်ထားပါတယ်၊ စကားပြောပိုင်း ဆိုရင်လည်း ညီမ သေချာ လေ့လာထားပါတယ်၊ တစ်ခုပဲရှိပါတယ် ညီမကိုယ်မှာ အားနည်းချက်ကတော့ လမ်းလျှောက်တာတွေပေါ့နော်၊ အရပ်ကလည်း ရှည်တော့ သိပ်အဆင်မပြေတာမျိုးလေး ရှိပါတယ်၊ ညီမ သွားပြိုင်မယ့်ပွဲမှာ နိုင်ငံပေါင်း (၆၈) ဝင်ရောက် ယှဉ်ပြိုင်တဲ့ထဲမှာ ညီမကတော့ Power House နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ စတဲ့ နိုင်ငံတွေရဲ့ အလှမယ် တွေကတော့ အရမ်းတော်ကြတယ် ဆိုတော့ ကိုယ့်အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်စေပါတယ်၊ ပြိုင်ပွဲဝင် တစ်ယောက်ချင်း စီကတော့ ညီမ သတိထားရမယ့် သူတွေပါပဲ၊ အဲ့အတွက် အများကြီး ပြင်ဆင် ကြိုးစားနေပါတယ်၊
အဆိုပါ အလှမယ် အနေဖြင့် လာမည့် နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ၌ ကျင်းပပြုလုပ်မည့် (၇) ကြိမ်မြောက် "Miss International 2018" ပွဲကြီးသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပြိုင်ပွဲသို့ Stellar Seven Entertainment မှ စေလွှတ်ခြင်းဖြစ်ပြီး၊ အလှမယ် မေယုခတ္တာသည် အသက် (၁၉) နှစ်ရှိပြီး၊ မြန်မာ/တရုတ် ဆက်သူဖြစ်ကြောင်း၊ အီလက်ထရောနစ် တတိယနှစ် ကျောင်းသူဖြစ်ပြီး သန်လျင် တက္ကသိုလ်တွင် ပညာသင်ကြားနေသူ တစ်ဦးဟု သိရသည်။
ကိုလင်း