ကျိုက်ထို အောက်တိုဘာ ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများအား လာမည့်နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့၌ ဘုရားပေါ်သို့ အခမဲ့ပို့ဆောင်ပေးပြီး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၊ တောင်တက် မော်တော်ယာဉ်အသင်း၊ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းရှင်များနှင့် ဈေးသူဈေးသားများစုပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါနေ့များတွင် ဘုရားဖူးပြည်သူများအား တောင်တက်ကား (အခမဲ့) အတက်အဆင်း ပို့ဆောင်ခြင်း၊ ကင်မွန်းစခန်း တောင်ခြေတွင် စတုဒိသာ ဧည့်ခံကျွေးမွေးခြင်း၊ တောင်တော်ရင်ပြင်တွင် စတုဒိသာများ ကျွေးမွေးခြင်း၊ ရိုးရိုးလေးဟိုတယ်နှင့် တည်းခိုဆောင်များတွင် (အခမဲ့) တည်းခိုခွင့်ပြုခြင်း၊ တောင်တော်ရင်ပြင်ရှိ တည်းခိုဆောင်များ၌ အခမဲ့ တည်းခိုခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားဖူးပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် လာရောက်ဖူးမြော်နိုင်ရေးအတွက် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)