ပုသိမ်  ၂၄  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးစီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့်သက်ဆိုင်ရာခရိုင်၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်း၍ (၂၀၁၉-၂၀၂၀) ဘဏ္ဏာနှစ်တွင် မြို့နယ်(၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များ ကျင်းပသွားမည် ဖြစ်သည်။

 

အဆိုပါ ကလေးစာပေပွဲတော်များအနက် နိုဝင်ဘာလတွင် မြို့နယ်(၇)မြို့ ၌ ကျင်းပမည်ဖြစ်ရာ (၁.၁၁.၂၀၁၉မှ ၂.၁၁.၂၀၁၉ထိ)ပုသိမ်မြို့နယ်(ချောင်းသာမြို့)၊(၄.၁၁.၂၀၁၉ မှ ၅.၁၁.၂၀၁၉ထိ) ဇလွန်မြို့ ၊(၆.၁၁.၂၀၁၉ မှ ၇.၁၁.၂၀၁၉ ထိ)အိမ်မဲမြို့ (၁၅.၁၁.၂၀၁၉မှ ၁၆.၁၁.၂၀၁၉ထိ) ဓနုဖြူမြို့၊ (၁၈.၁၁.၂၀၁၉မှ ၁၉.၁၁.၂၀၁၉ထိ)ကျိုက်လတ်မြို့၊(၂၀.၁၁.၂၀၁၉မှ ၂၁.၁၁.၂၀၁၉ထိ) မော်လမြိုင် ကျွန်းမြို့၊ (၂၉.၁၁.၂၀၁၉မှ ၃၀.၁၁.၂၀၁၉ထိ) သာပေါင်းမြို့တို့တွင် တစ်မြို့နယ်လျှင် (၂)ရက် ကျင်းပသွားမည် ဖြစ်သည်။

 

ယင်းသို့ ကလေးစာပေပွဲတော်များ ကျင်းပပေးခြင်းမှာ ကလေးသူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာပေ ဗဟုသုတရရှိရေး၊ ကလေးများ ဉာဏ်ရည် ထက်မြက်စေရေးနှင့် ကလေးများ စွမ်းဆောင်ရည်မြှင့်တင်ရေး ၊ ကျောင်းနေအရွယ် ကလေးငယ်များ ကလေးစာပေ ပွဲတော်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာ သိရှိပြီး အများစု ပါဝင် ဆောင်ရွက်ခွင့် ရရှိစေရေး ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

ပထမဆုံး ကျင်းပမည့် ပုသိမ်မြို့နယ် (ချောင်းသာမြို့)ကလေးစာပေပွဲတော်အား တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ လေ့လာရေးများ လာရောက်လေ့လာမည်ဖြစ်ကြောင်း၊ကလေး စာပေပွဲတော်များတွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်း နှင့် စာအုပ်အရောင်းဆိုင်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ကလေးစာပေပွဲတော်များတွင် နယ်ပယ်ဒေသအသီးသီးမှ ကလေးများ လွတ်လပ်ပျော်ရွင်စွာ၊ စိတ်ရွှင်လန်းတက်ကြွစွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

 

တိုးဝေဇင်(ပြန်ဆက်)