ငါ့သရောက် ၁၂ နိုဝင်ဘာ
ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ အမှတ်(၂) ဈေးကုန်းရပ်ရှိ မြနန္ဒာသောက်ရေကန်ကြီးအတွင်း နိုဝင်ဘာလ ၂ ရက်က ရွာသွန်းခဲ့သည့်မိုးကြောင့် ရေကန် တစ်ဝက်ခန့်အထိ မိုးရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကန်ပေါင်အနံ ပေ ၂၀၀ ရှိပြီး အရှေ့အနောက်အလျားပေ ၁၃၀၀ နှင့် တောင်မြောက်ပေ၈၂၀ရှိသော မြနန္ဒာသောက်ရေကန်ကြီးသည် ငါ့သရောက်မြို့ ရပ်ကွက်(၄) ရပ်ကွက်သာမက ကျေးလက်တောရွာများကပါ မှီခိုအားထားနေရသောကန်ကြီးဖြစ်သည်။
“အရင်နှစ်တွေတုန်းက မိုးသိပ်မကောင်းတော့ ရေကန်က ခန်းခြောက်တဲ့အထိကိုဖြစ်သွားခဲ့ဖူးတယ်၊ မြို့ပေါ်က လူတွေအားလုံးက ဒီကန်ကရေကိုပဲအားထားကြရတာ၊ ဒီနှစ်ထဲမှာ ကန်တစ်ဝက်လောက်အထိ ရေဝင်တာ အခုတစ်ကြိမ်ပဲရှိသေးတယ်၊ ကန်ရေခပ်တဲ့နေရာမှာလည်း အရင်လိုလူလာခပ်တာမျိုး မဟုတ်တော့ဘဲ ရေစုပ်စက်တွေနဲ့စုပ်တာဖြစ်တဲ့အတွက် အားလုံးက ချွေတာနိုင်ရင်တော့ လုံလောက်မှု ရှိမှာပါ” ဟု ငါ့သရောက်မြို့မှ ဦးကျော်စွာက ပြောကြားသည်။
ယခုနှစ်မိုးရာသီတွင် ကန်ပေါင်ပတ်ဝန်းကျင်နှင့် ကန်ပေါင်ပေါ်သို့ အရိပ်ရသစ်ပင်များကို ဌာနဆိုင်ရာများ နှင့် သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများက စိုက်ပျိုးခဲ့ကြပြီး ရေလုံးဝခန်းခြောက်သွားချိန် ရေဝင်နေရာများနှင့် အနည်အနှစ်ပို့ချသောနေရာများ ပြန်လည်ဆယ်ယူခြင်းလုပ်ငန်းကို ငါ့သရောက် နယ်သူနယ်သားများနှင့် အဝေးရောက် နယ်သူနယ်သားများ လှူဒါန်းငွေဖြင့် ဧပြီလအတွင်းက ပြန်လည်ဆယ်ယူခြင်းဖြစ်ကြောင်း၊ သဲစစ်ကန် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)


