နက်နဲသောအသိအမြင်ဖြင့်ခံယူ တက်တက်ကြွကြွပူးပေါင်းပါဝင်

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟူသည် ထိုနိုင်ငံတွင် အရင်းအနှီးများ စုဆောင်းထားနိုင်ခြင်း၊  ရေမြေသယံဇာတများ ပိုင်ဆိုင်ခြင်း၊ သဘာဝတွင်းထွက်များရှိခြင်း စသည်တို့နှင့်သာ  သက်ဆိုင်သည်မဟုတ်ဘဲ   ထိုနိုင်ငံတွင်  ပိုမို၍ ကောင်းမွန်သော   လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းမှုများရှိခြင်း၊   ပြည်သူ့ကျန်းမာရေးနှင့်  ပညာရေးအဆင့်များကို တိုးမြှင့်ပေးနိုင်ခြင်း၊ ပြည်သူလူထုအား ရည်ရွယ်ချက်မြင့်မားအောင်    လှုံ့ဆော်ပေး နိုင်ခြင်းတို့လည်း   လိုအပ်သည်ဟု ပညာရှင်များက ဆိုသည်။

 

ယနေ့ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအရေအတွက်ထက် ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲ နွမ်းပါးသည့် နိုင်ငံအရေအတွက်က ပို၍များနေသည်။ ကမ္ဘာ့နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာခြားကြရခြင်း တွင် လူမျိုးတစ်မျိုးနှင့် တစ်မျိုး ကာယ၊ ဉာဏ၊ ဇွဲလုံ့လဝီရိယ စသည့်အရည်အချင်းများ ကွာခြားခြင်းကြောင့် ဖြစ်သည်ဟူသော ယူဆချက်များ ရှိသလို   လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား  ဓလေ့ထုံးတမ်း ယဉ်ကျေးမှု၊     တွေးခေါ်မြော်မြင်မှု၊    ဘဝအပေါ်ခံယူချက် စသည့်ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများ မတူညီ ခြင်းကြောင့် ဖြစ်သည်ဟူသော ယူဆချက်များလည်းရှိသည်။

 

ကမ္ဘာပေါ်တွင်  ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ (LDCs) ၄၆ နိုင်ငံရှိရာ အာဖရိကမှ ၃၃ နိုင်ငံ၊ အာရှမှ မြန်မာနိုင်ငံ အပါအဝင်   ကိုးနိုင်ငံ၊   ကာရစ်ဘီယံဒေသမှ   တစ်နိုင်ငံနှင့် ပစိဖိတ်ဒေသမှ    သုံးနိုင်ငံတို့ပါဝင်သည်။    မိမိတို့ နိုင်ငံသည် ကိုလိုနီနိုင်ငံဘဝ  နှစ်ပေါင်းရာကျော် ကျရောက်ခဲ့ရပြီး ဒုတိယ ကမ္ဘာစစ်ကာလတွင်လည်း  စစ်ဒဏ်ကို နှစ်ကြိမ်ခံခဲ့ရ၍ နိုင်ငံ့ စီးပွားအရင်းအမြစ်များ    ပြာပုံဘဝ    ကျရောက်ခဲ့ရသည်။ လွတ်လပ်ရေးရပြီး နောက်တွင်လည်း   ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခ ဝဲဩဃထဲသို့  ရောက်ရှိသွားခဲ့ပြီး  ဆိုရှယ်လစ်နိုင်ငံ ထူထောင်မှုတွင် စီမံခန့်ခွဲမှုအားနည်းချက်များနှင့် စီမံကိန်းချ စီးပွားရေးစနစ် မအောင်မြင်မှုများ  ကြုံတွေ့ရကာ LDC နိုင်ငံ ဘဝသို့ ရောက်ရှိသွားခဲ့ရခြင်းဖြစ်သည်။

 

သုတေသီများ၏   အဆိုအမိန့်များအရ  ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအဖို့  ဖွံ့ဖြိုးတိုးတက်မှုနှင့်  ဆင်းရဲနွမ်းပါးမှုတို့ကို အဆုံးအဖြတ်ပေးနိုင်သော  အကြောင်းအရာသည် ပြည်တွင်း အင်အားပင်ဖြစ်သည်။  ပြည်တွင်း၌ရှိနေသော  ဓနငွေကြေး၊ ရုပ်ဝတ္ထုနှင့်    လူ့စွမ်းအားတို့ကို    မှန်မှန်ကန်ကန်အသုံးချ၍  နိုင်ငံဖွံ့ဖြိုးရေး     ဆောင်ရွက်ရာတွင်     ခိုင်မာအားကောင်းသည့်  အမျိုးသားရေးအားမာန် လိုအပ်သကဲ့သို့  ယင်းအားမာန်ကို လက်တွေ့စွမ်းဆောင်မှု အဖြစ် ပြောင်းလဲပေးနိုင်သည့် အရည် အသွေးနှင့် အရည်အချင်းတို့ ခေါင်းဆောင်တွင်ရော   ပြည်သူ တွင်ပါ နှစ်ဖက်စလုံးမှာ ရှိနေရမည်ဟု အဆိုရှိသည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာများကို ရေးဆွဲပြီး ယင်းတို့ကို ပြည်သူလူထုက ဘဝင်ကျကျနားလည် လက်ခံလာသည်အထိ    ရှင်းလင်းပြကြရန်နှင့်    ပြည်သူလူထု က နက်နဲသောအသိအမြင်ဖြင့်  ခံယူလာကာ  တစ်စုံတစ်ရာ နှိုးဆော်မှုမပါဘဲ တက်တက်ကြွကြွ   ပူးပေါင်းပါဝင်လာသည် နှင့်အမျှ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်း နိုင်မည်ဟုလည်း ဆိုထားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့်  ပကတိအခြေအနေများနှင့်အညီ  ရှေ့လုပ်ငန်း စဉ်  (၅) ရပ်နှင့်  နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေးဦးတည်ချက် (၉) ရပ်တို့ကို  အတိအလင်းချပြကာ  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင်    သက်ဆိုင်ရာ   ကဏ္ဍအလိုက် ပြည်သူလူထုတစ်ရပ်လုံးက  တက်ကြွစွာ  ပူးပေါင်းပါဝင်ဆောင် ရွက်သည်နှင့်အမျှ  နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး စသည့်ကဏ္ဍ အသီးသီးတွင်  ဖွံ့ဖြိုးတိုးတက်မှုတို့ အလျင်အမြန် ရရှိနိုင်ပါမည့်အကြောင်း။         ။