ပုံမှန်အားဖြင့် သင့်နှလုံးဟာ တမိနစ်မှာ အချက်ရေ ၆၀ ကနေ ၁၀ဝ အတွင်း ခုန်ပြီး သွေးများကို ညှစ်ထုတ်ပေးခြင်း၊ ပြန်လက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါတယ်။ နှလုံးခုန်တယ်ဆိုတာ နှလုံးရဲ့ကြွက်သားတွေ ကျုံ့လိုက်ဆန့်လိုက်ပြုလုပ်နေတဲ့ လှုပ်ရှားမှုပါပဲ။ ဒီလှုပ်ရှားမှု (နှလုံးခုန်ခြင်း) ဟာ သူ့စည်းချက်နဲ့သူ ရှိပါတယ်။

 

အဆိုပါနှလုံးခုန်ခြင်းဟာ သူ့ပုံမှန်စည်းချက်ကနေ လွဲချော်သွားရင်တော့ နှလုံးခုန်စည်းချက်မမှန်ခြင်း (Cardiac Arrythmia) အခြေအနေကို ဖြစ်ပေါ်စေပါတယ်။ ယေဘုယျအားဖြင့် နှလုံးခုန်တဲ့လှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့ လျှပ်စီးလှုံ့ဆော်မှုတွေ ပုံမှန်စီးဆင်းခြင်းမရှိရင် ဖြစ်ပေါ်တတ်ပါတယ်။ နှလုံးခုန် မြန်လွန်းခြင်း၊ နှေးလွန်းခြင်း၊ တစ်ကြိမ်နှင့်တစ်ကြိမ်ကြား အချိန်စောပြီး နှလုံးခုန်ခြင်း၊ တစ်ကြိမ်နှင့်တစ်ကြိမ် မတူညီခြင်း စသဖြင့် နှလုံးခုန် စည်းချက်လွဲတဲ့ အခြေအနေတွေ ရှိပါတယ်။

 

နှလုံးခုန်စည်းချက်မမှန်ခြင်းဟာ လူတိုင်းလိုလိုမှာ တစ်ကြိမ်လောက်တော့ ကြုံရတတ်ပါတယ်။ ဒါပေမယ့် မကြာခဏ ဖြစ်ပေါ်နေရင်တော့ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဦးနှောက်၊ အဆုတ်နဲ့ တခြားအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်လာစေနိုင်ပါတယ်။ နားလည် တတ်ကျွမ်းသူတွေနဲ့ ကုသမှုခံယူခြင်းမရှိရင် အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။

 

လက္ခဏာများ

 

နှလုံးခုန်စည်းချက်မမှန်ခြင်းဖြစ်ပေါ်ရင် အောက်ပါအခြေအနေတွေကို သင့်အနေနဲ့ သတိပြုမိပါလိမ့်မယ်။

 

နှလုံးခုန်ရပ်တန့်သွားသလို ခံစားမိလိုက်ခြင်း (စည်းချက်တချက်ပျောက်သွားခြင်း)

လည်ပင်း၊ ရင်ဘတ်ထဲတွင် တလှပ်လှပ်ဖြစ်ခြင်း

နှလုံးခုန်နှေးခြင်း၊ မြန်ခြင်း စတာတွေ ဖြစ်ပါတယ်။

 

အောက်ပါလက္ခဏာတွေပါ ယှဉ်တွဲပြီး တွေ့ရှိရရင်တော့ နှလုံးမှာ ပြဿနာတခုခုဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

ရင်ဘတ်အောင့်ခြင်း

အသက်ရှူရခက်ခဲခြင်း

ပင်ပန်းနွမ်းနယ်ခြင်း

မူးဝေခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း

ချွေးအလွန်ထွက်ခြင်း

 

အကြောင်းအရင်းများ

 

နှလုံးခုန်စည်းချက်ပျက်ရတဲ့ အကြောင်းအရင်းတွေဟာ မျိုးစုံရှိနိုင်ပါတယ်။ ဆေးဝါးများ၊ စိတ်ခံစားမှု၊ မျိုးရိုးဗီဇလိုက်ခြင်း စသဖြင့် ရှိတတ်ပါတယ်။ အကြောင်းအရင်းမသိရဘဲဖြစ်တာလည်း ရှိတတ်ပါတယ်။

 

သွေးတိုးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဓာတ်မတည့်ခြင်း၊ သိုင်းရွိုက်ရောဂါ၊ ဆီးချို စတဲ့ရောဂါတွေအတွက် သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ဒေါသ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှု စတဲ့ စိတ်ခံစားမှုများ၊ အရက်၊ ဆေးလိပ် စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

ဖြစ်နိုင်ခြေမြင့်စေသည့်အကြောင်းများ

 

မိသားစုတွင်းဖြစ်ဖူးခြင်း၊ အသက်အရွယ်၊ နေထိုင်စားသောက်ပုံ စတာတွေပေါ်လည်း မူတည်ပါတယ်။ နှလုံးနဲ့ ဆက်နွယ်နေတဲ့ ပြဿနာများ၊ အခြားရောဂါများဟာလည်း ဖြစ်နိုငခြေမြင့်စေပါတယ်။ ၎င်းတို့ကတော့

 

နှလုံးသွေးလွှတ်ကြောရောဂါများ

နှလုံးအဆို့ရှင်ရောဂါများ

နှလုံးထိခိုက်ခြင်း၊ အမောဖောက်ခြင်း

နှလုံးကြွက်သားအားနည်းခြင်း

နှလုံးရောင်ခြင်း

သွေးတိုးခြင်း

အိပ်စက်စဉ် အသက်ရှူရပ်တန့်ခြင်း

နာတာရှည်အဆုတ်ရောဂါ

သိုင်းရွိုက်ဂလင်း ကောင်းစွာအလုပ်မလုပ်ခြင်း (သို့မဟုတ်) လွန်ကဲစွာ အလုပ်လုပ်ခြင်း

ကိုယ်ခန္ဓာတွင်း ဓာတ်ဆားများ မညီမျှခြင်း၊ အာဟာရမပြည့်ဝခြင်း

ဖျားနာခြင်း

ဆီးချို စတာတွေ ဖြစ်ပါတယ်။

 

ကာကွယ်ခြင်း

 

နှလုံးခုန်စည်းချက်မမှန်ခြင်းအတွက် တတ်နိုင်သလောက် ကာကွယ်နိုင်ပါတယ်။ အဓိကကတော့ နှလုံးခုန်မမှန်ဖြစ်စေမယ့် အကြောင်းအရာတွေကို ရှောင်ကြဉ်ဖို့ပါပဲ။ အဓိကအားဖြင့် စိတ်ဖိစီးမှုလျှော့ချခြင်း၊ ဆေးလိပ်အရက်ရှောင်ကြဉ်ခြင်း၊ ကဖိန်းလျှော့ခြင်း စတဲ့အချက်တွေ လိုက်နာရပါမယ်။ ဆေးဝါးများကို နားလည်တတ်ကျွမ်းသူများရဲ့ ညွှန်ကြားချက်မပါဘဲ မိမိသဘောနဲ့ သောက်သုံးခြင်း မပြုရပါဘူး။

 

အထူးသဖြင့် နှလုံးနဲ့ပတ်သက်တဲ့ဆေးဝါးတွေ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို စားသုံးခြင်း၊ သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း စတာတွေ လုပ်ဆောင်ရပါမယ်။ နှလုံးကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာဝန်ဆီမှာ အချိန်မှန် စစ်ဆေးမှုခံယူသင့်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr.Thant Zin

 

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”