၂၂ ဇူလိုင်

 

နှလုံးခုန်နေတာက အသက်ရှင်သန်နေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ သက်ရှိတစ်ဦးဦး နှလုံးရပ်သွားပြီဆိုရင် ရှင်သန်မှု အဆုံးသတ်သွားပါပြီ။ ဒီရှင်သန်မှုလက္ခဏာဖြစ်တဲ့ နှလုံးအကြောင်း သင်ဘယ်လောက်ထိ သိထားလဲဆိုတာ ဒီဆောင်းပါးလေးကနေတစ်ဆင့် ဆန်းစစ်ကြည့်ရအောင်လား……..

 

နှလုံး ဘယ်လိုများ အလုပ်လုပ်တာလဲ………..

 

နှလုံးက ခန္ဓာကိုယ် သွေးလည်ပတ်မှုစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကို သွေးလွှတ်ခန်း၊ သွေးပြန်ခန်း၊ နှလုံးအဆို့ရှင်၊ သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းထားပါတယ်။ နှလုံးကသွေးတွေကို သိုလှောင်တယ်၊ ပို့လွှတ်တယ်။ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွ ေရောက်ရှိစေတယ်စတဲ့ ရှင်သန်မှုအတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။

 

နှလုံးကျန်းမာစေဖို့ ဘာတွေလုပ်ရမလဲ……….

 

နှလုံးကျန်းမာမှ ခန္ဓာကိုယ်ကျန်းမာမှာပါ။ ဒီတော့ နှလုံးကျန်းမာစေဖို့အတွက်

•           ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပါ

•           နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

•           အရက်မသောက်ပါနဲ့

•           ဆေးလိပ်ဖြတ်ပါ

•           ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံကို မွေးမြူပါ

•           အိပ်ရေးဝဝအိပ်ပါ။

 

နှလုံး နဲ့ပတ်သက်ပြီး ဒါတွေ သိပြီးပြီလား………

 

အသက်ရှူလိုက်တိုင်း ခုန်နေတဲ့ နှလုံးလေးနဲ့ ပတ်သက်ပြီး သိသူနည်းနေတဲ့အချက်အချို့က

 

•           နှလုံးရဲ့ အရွယ်အစားက လူကြီးတစ်ယောက်ရဲ့ လက်သီးဆုပ်စာလောက်ပဲရှိပါတယ်။ နှလုံးက အရွယ်အစားအရမ်းမကြီးပါဘူး။

•           နှလုံးက တစ်နေ့ကို အကြိမ်ရေ ၁၁၅၀၀၀ ခုန်ပါတယ်။

•           နှလုံးက နေ့စဉ် သွေး ဂါလံ ၂၀၀၀ နီးပါးကို ညှစ်ထုတ်ပေးပါတယ်။

•           ခန္ဓာကိုယ်ထဲက ထုတ်ပြီးတဲ့အထိတောင် နှလုံးက ဆက်ခုန်နေနိုင်ပါသေးတယ်။

•           ပထမဆုံးသော နှလုံးခွဲစိတ်မှုကို ၁၉၅၈ ခုနှစ်က လုပ်ဆောင်ခဲ့တာပါ။ ဒီခွဲစိတ်မှုကို ခံယူခဲ့သူဟာ အသက် ၈၆ နှစ်မှာ နှလုံးနဲ့ မသက်ဆိုင်တဲ့ ရောဂါတစ်ရပ်ကြောင့် သေဆုံးခဲ့ပါတယ်။

•           အသက်အငယ်ဆုံး နှလုံးခွဲစိတ်ကုသမှုခံယူခဲ့သူဟာ အသက်တစ်မိနစ်သာရှိသေးတဲ့ မွေးကင်းစ ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပါတယ်။

•           ပထမဆုံးသော နှလုံးရောဂါအဖြစ် သတ်မှတ်နိုင်ခဲ့မှုက လွန်ခဲ့တဲ့ နှစ် ၃၅၀၀ ခန့်က ဆေးရည်စိမ်ခဲ့တဲ့ အီဂျစ် မံမီရုပ်တုတစ်ခုမှာဖြစ်ပါတယ်။

•           ကမ္ဘာ့အသေးဆုံး နို့တိုက်သတ္တဝါဖြစ်တဲ့  American pygmy shrew ဟာ နှလုံးခုန်အမြန်ဆုံး သက်ရှိဖြစ်ပြီး တစ်မိနစ်ကို နှလုံးခုန်နှုန်း ၁၂၀၀ အထိရှိပါတယ်။

•           ရုတ်တရက်နှလုံးရပ်မှု တော်တော်များများက တနင်္လာနေ့မှာ ဖြစ်တာများပါတယ်။

•           လူတစ်ယောက်ရဲ့ နှလုံးက ပျမ်းမျှအားဖြင့် တစ်ပေါင်နီးပါ အလေးချိန်ရှိပါတယ်။ အမျိုးသားတွေရဲ့ နှလုံးက အမျိုးသမီးတွေရဲ့ နှလုံးထက် ၂ အောင်စနီးပါး အလေးချိန်ပိုပါတယ်။

•           အမျိုးသမီးတွေက အမျိုးသားတွေထက် မဆိုစလောက် နှလုံးခုန်မြန်ပါတယ်။

•           ကြားနေရတဲ့ နှလုံးခုန်သံက နှလုံးအဆို့ရှင်တွေ ပိတ်တာ ဖွင့်တာကြောင့် ဖြစ်လာတဲ့အသံပါ။

•           အသည်းကွဲတာကြောင့် သေတယ်ဆိုတာက မဟုတ်ပါဘူး။ အသည်းကွဲတယ်ဆိုတဲ့ လက္ခဏာက ရုတ်တရက်နှလုံးရပ်တာနဲ့ ဆင်တူပါတယ်။ မတူတာကတော့ အသည်းကွဲတယ်ဆိုတာက စိတ်ဖိစီးမှုတွေ များလွန်းတာကြောင့်စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းပမာဏ အဆမတန် မြင့်တက်မှုကြောင့် ဖြစ်လာရတာပါ။

•           အသည်းကွဲတာကြောင့် သေတယ်ဆိုတာက ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်တစ်ခုပါ။

•           ခန္ဓာကိုယ်အနှံအပြားက သွေးကြောတွေအားလုံးကို ဆန့်ထုတ်ကြည့်မယ်ဆိုရင် မိုင် ၆၀၀၀၀ ကျော်ရှိပါတယ်။

•           နှလုံးဆဲလ်တွေက ကွဲပွားတာမျိုးမရှိတာကြောင့်  နှလုံးကင်ဆာက ဖြစ်တောင့်ဖြစ်ခဲ ကျန်းမာရေး အခြေအနေပါ။

•           ရယ်မောတာက နှလုံးကို ကျန်းမာစေနိုင်ပါတယ်။ အကြောင်းကတော့ ရယ်မောတာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ကိုယ်ခံအားကို ကောင်းစေနိုင်တာကြောင့်ပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon