မြင့်စိုး(နတလ)

မြကန်သာ

တောင်ကျချောင်းတေး

ရေဝင်ပြေးလှည့်

ရေအေးကြည်စွာ

ကန်ပိုင်မာလျက်

ကြာပေါင်းထုံထုံ

ငှက်မျိုးစုံသည်

ဘုံဝတိံသာ

နန္ဒာပေလော

တူစွဟုတ္တာ

(အမည်မသိရှေးစာဆို)

[ပုဂံခေတ်ကျစွာမင်းလက်ထက်ခန့်]

နှလုံးသားထဲက မြကန်

နှလုံးသားထဲက မြကန်ဟု ကျွန်တော် တင်စားခေါ်ဝေါ်လိုက်ရခြင်းမှာ ၁၉၇၅၊ ၁၉၇၆ ခုနှစ်အချိန် ကာလ၊ ပုဂံဆိုတာ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်ရှိသည်ကိုပင် တိတိပပ မသိသေးသော အထက်တန်း ကျောင်းသားဘဝကတည်းက “မြကန်” သည် ကျွန်တော့်ရင်ထဲသို့ တိုးဝှေ့နေရာယူထားပြီး ဖြစ်နေ၍ပါတည်း။ အမည်မသိရှေးစာဆို ရေးဖွဲ့ထားသော မြကန်ကဗျာလေးက တစ်ကြောင်းချင်းလည်း တစ်ကြောင်းချင်းမို့၊ တစ်ပုဒ်လုံးလည်း တစ်ပုဒ်လုံးမို့ မေ့ထားဖို့ရာ၊ မေ့သွားဖို့ရာ မစွမ်းသာသောကြောင့် ယနေ့အသက် ၆၆ နှစ် အဖိုးအိုပေါက်စဘဝရောက်သည်ထိ နှလုံးသားမှာ စူးစူးနစ်နစ် ထိုးစိုက်နေရာ ယူထားခြင်း ဖြစ်ပါလိမ့်မည်။ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ၊ နန္ဒာပေလော ဆိုသည့် အဖွဲ့အနွဲ့က အလင်္ကာမြောက်လွန်းလှသလို ကြားရခဲမြင်ရခဲပေလို့လားတော့မသိ၊ “တူစွဟုတ္တာ” ဆိုသည့် စကားလုံးလေးများ၏ အဖိအဖော့ကို ခံစားလာမိသည်မှာလည်း နှစ်ပေါင်း ၄၀ မကတော့ပြီ။ ဆိုရသော် ကျွန်တော့်နှလုံးသားထဲမှာ မြကန်၏ ပုံရိပ်များက အမြဲတမ်း တည်ရှိလို့နေပါသည်။

မြကန်သည် တုရင်တောင်၏ အနောက်ဘက်တွင်တည်ရှိပြီး ထီးလှိုင်ရှင်ကျန်စစ်သားမင်းကြီး ကိုယ်တိုင်ဦးဆောင်လျက် ပုဂံသူပုဂံသားအပေါင်းတို့ တူးဖော်ထားသော ကန်ဖြစ်ကြောင်း၊ မြကန်၏ မူလအမည်မှာ မဟာနိဗ္ဗာနလက်ဆွဲချီရေကန် (မဟာနိဗ္ဗာန်လက်ဆွဲချီကန်) ဖြစ်ကြောင်း၊ သေခြင်းမရှိသောဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အမရကန် (မ-မရဏ) ဟူ၍လည်း ခေါ်ကြကြောင်း သိရသည်။ ကန်အမျိုးအစားမှာ ပိုက်လှမ်းတောင်အား တာတမံအရံအတားမျိုး ပိတ်ဆို့ကာဆီး ဆောင်ရွက်ထားသည့် တစ်ဖက်ဆည်ကန် အမျိုးအစားဖြစ်သည်။ သက္ကရာဇ် ၅၉၈ ခုနှစ်တွင် ပုဂံကျစွာမင်းကြီးက မြကန်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်ဆို၏။ သို့ကြောင့်ပဲ ဖြစ်ပါလိမ့်မည်။ အမည်မသိရှေးစာဆို၏ ရေးဖွဲ့သည့်အချိန်ကာလကို ပုဂံခေတ်ကျစွာမင်း လက်ထက်ခန့်ဟု ဖော်ပြထားကြောင်း တွေ့ရသည်။

မြကန်သို့ ရောက်ခဲ့ကြသည်

သည်တစ်ခေါက် ပုဂံ/ ညောင်ဦးခရီးစဉ်မှာ တုရင်တောင်ခြေရှိ မြကန်သို့ အရင်သွားဖြစ်ခဲ့ကြသည်။ ပုဂံသို့ မရောက်မီ ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ မိတ္ထီလာမြို့နယ်အတွင်းရှိ ရေချိုကျေးရွာအုပ်စု ကျေးရွာ ၁၄ ရွာက ဝါစိုက်သမဝါယမ အသင်းသား တောင်သူများနှင့် တွေ့ဆုံပြီး ဝါအထွက်တိုးဖို့၊ အဆင့်မီဝါများရရှိစေဖို့အတွက် မျိုးနှင့်သွင်းအားစု ဓာတ်မြေဩဇာများ ပံ့ပိုးပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဝါကြိတ်ဝါဖိစက်များ လိုအပ်လျှင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးမည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ဝါကြိတ်ဝါဖိစက်ရုံများတွင် စက်အင်အားတိုးချဲ့လိုပါကလည်း ကူညီချိတ်ဆက် ဆောင်ရွက်ပေးမည်။ နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ်သော အဆင့်မီချည်မျှင်ထုတ်လုပ်ခြင်း၊ အထည်ရက်လုပ်ခြင်းလုပ်ငန်းများအထိ တောင်သူများ၊ လုပ်ငန်းရှင်များ စနစ်တကျ ပါဝင်လာစေရေးတို့ကိုလည်း တိုက်တွန်းမှာကြားခဲ့သည်။ စက်မှုဝန်ကြီးဌာန၏ ချည်မျှင်နှင့် အထည်စက်ရုံများ၊ တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံများ၊ ပုဂ္ဂလိက ချည်မျှင်နှင့် အထည်စက်ရုံများနှင့် တောင်သူများ အချိတ်အဆက်မိရန် လိုအပ်သကဲ့သို့ ရက်ကန်းလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကိုလည်း မေ့ထား၍မရပေ။ ဆိုရသော် ဝါပင်စိုက်၍ ဝါဂွမ်းထုတ်ယူပြီး ချည်ထည်ရက်လုပ်သည့်အဆင့်ထိ ဝါလုပ်ငန်းစဉ်ကြီး တစ်ခုလုံးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ တောင်သူများအနေဖြင့် မိမိ ပါဝင်ရမည့် အခန်းကဏ္ဍအလိုက် ရည်မှန်းချက် ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းအားထုတ်ကြဖို့လိုပါသည်။

ဝါစိုက်ပျိုးရေးကိစ္စကို ရေချိုရွာမှာ ပြောဆိုဆွေးနွေးအပြီး ကျောက်ပန်းတောင်းမြို့နယ်ထဲက ကြက်ပြစ်ကျေးရွာသို့ ဆက်လက်ထွက်ခွာကြကာ သမဝါယမအသင်းဖွဲ့ထားသော ဝါစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။ မိုးဝါမီသူများ မိုးဝါစိုက်ပျိုး ရေးအတွက် မျိုးရထားပြီး/ မပြီး၊ မရသေးလျှင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးမည်။ သွင်းအားစုဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထည့်သွင်းနိုင်ရေး၊ ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေး ကူညီပံ့ပိုးပေးမည်။ ထိုမှ ကျောက်ပန်းတောင်းမြို့နယ်ထဲက နှစ်ကျပ်ခွဲကျေးရွာသို့ ရောက်ရှိချိန်မှာမူ ဆီထွက်သီးနှံ စိုက်ပျိုးရေးကို ဦးစားပေးဆွေးနွေးဖြစ်သည်။ သည်ရွာက အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး ဆီထွက်သီးနှံ မြေပဲ၊ နှမ်းကိုသာ အများဆုံးစိုက်ပျိုးသောရွာဖြစ်၏။ ထီးတော်ရှင် (ထီးလှုပ်ဘုရား) ရှိနေ၍လည်း လူသိများသောရွာကြီးဖြစ်သည်။နှစ်ကျပ်ခွဲရွာမှ တောင်သူများနှင့် တွေ့ဆုံအပြီး ပုဂံ/ ညောင်ဦးကို ခရီးဆက်ခဲ့ရာ ထိုနေ့ညနေပိုင်းမှာ ရောက်လာခဲ့ကြသည်။ အတူလိုက်ပါလာသည့် အဖွဲ့ဝင်များထဲ၌ မြကန်ကို မရောက်ဖူး၊ မမြင်ဖူးသေးသူများရှိနေ၍ သူတို့ကို ပို့ဆောင်ပေးချင်သည်။ ကိုယ်တိုင်ကလည်း မြကန်၏အငွေ့အသက်ကို ပြန်လည်ခံစားလိုသည်။ သည့်အတွက် ကျွန်တော်တို့အဖွဲ့ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းမှာ တုရင်တောင်ခြေအနီးက မြကန်သို့ ရောက်ရှိခဲ့ကြသည်။

ကျန်စစ်သားမင်းကြီး၏ မြကန်ကျောက်စာ

အချို့သောနှစ်များ၌ ယခုလို ဇွန်လရောက်လျှင် မြကန်အတွင်းမှာ ရေစဝင်နေပြီဖြစ်ကြောင်း သိရသည်။ မြကန်၏ ကန်ပေါင်ရိုးပေါ်မှာ လှမ်းမျှော်ကြည့်ရှုလျှင် ကျန်စစ်သားမင်းကြီး၏ မြကန်ကျောက်စာစိုက်ထူခဲ့သော အမှတ်အသားပြ နေရာလေးကို တွေ့နေရသည်။ အဆိုပါကျောက်စာမူရင်းကို သက်ဆိုင်ရာဝန်ကြီးဌာနက ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ သိမ်းဆည်းထားကြောင်းနှင့် ကိုယ်ပွားကျောက်စာတစ်ချပ်ကိုမူ ကန်ပေါင်ပေါ်ရှိ အဆောက်အဦလေးထဲတွင် ထားရှိပေးကြောင်း သိရ၍ ဝင်ရောက်လေ့လာကြည့်ရှုခဲ့ပါသည်။

ဂြီ။ နမောတဿ ဘဂဝတော အရဟတော သံမာသံဗုဒ္ဓဿ ပ္ပတိဓမ္မရာဇဿ … မုနိ အစချီ၍ ရေးသားထားသော ပါဠိစကားလုံးများ၏ အောက်တွင် မြန်မာအဓိပ္ပာယ်ပြန်ဆိုထားသည်မှာ လူတို့၏ သက်တမ်းနှစ်သောင်းကာလ၌ ကဿပဗုဒ္ဓဘုရား သခင်သည် ဤလောကတွင် ပွင့်တော်မူပြီးနောက် ဗာရာဏသီပြည်ကိုအမှီပြု၍ ဣသိပတနမည်သော မိဂဓါဝုန်တောဝယ် မဟာဝိဟာရကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အတို့သခင် ဤအရှင်တရားမင်းသည် ကုဋေရှစ်ဆယ်ရှိသော သူကြွယ်ဖြစ်၍ အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ အထူးထူးသောကောင်းမှုတို့ကိုပြု၏။ ထိုကဿပဗုဒ္ဓဘုရားသာသနာတော်၌ အသက်အတိုင်းနေ၍ ထိုမှစုတေခဲ့သော် ပါဋလိပုတ်ပြည်တွင် မင်းမျိုး၌ ဖြစ်လာ၏။ ထိုအခါ ရန်စစ်ဝန်ကြီးသည် ထခဲ့၏။ ပါဋလိပုတ်ပြည်တွင် သွား၍ဖြစ်သော အတို့သခင်တရားမင်းသည် ထိုစစ်ကိုလျှင် အကြွင်းမဲ့ရှုံးစေ၍ (ဝါ) အရှုံးကြီးရှုံးစေ၍ လူအပေါင်းတို့အား ချမ်းသာစေ၏။ အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ အထူးထူးသောကောင်းမှုတို့ကိုပြု၏။ မင်းကျင့်တရားဆယ်ပါးကို စောင့်ထိန်းပြီးလျှင် အသက်အတိုင်းနေ၍ ထိုခဲ့သော် မပြည်ရာမ မင်းမျိုး၌ ဖြစ်လေ၏။ ကိုယ်ပွားကျောက်စာ၏ အောက်ဆုံးစာကြောင်း စာလုံးနှစ်လုံးကိုမူ ကျွန်တော်ဖတ်မရခဲ့ပါ။

အရှေ့ဖွားစော၊ မြင်းကပါနှင့် မင်းနန်သူ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့သို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း အောက်ပါအတိုင်း လမ်းညွှန်ခဲ့ပါသည်-

“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိရေကန်များနှင့်အထင်ကရနေရာများသို့ သွားလာမှုလွယ်ကူ ချောမွေ့စေရန်အတွက် ဂျင်းကျောက်ဖြင့် လမ်းများခင်းပေးရန်”

အထက်ပါလမ်းညွှန်ချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ မေလ ၂၈ ရက်နေ့၌ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ဖောက်လုပ်ပေးရမည့်လမ်းများ အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးကာ လမ်းများကို ဦးစားပေးအဆင့်သတ်မှတ်ခြင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူမည့်လမ်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တာဝန်ယူမည့်လမ်းများ အကြမ်းဖျင်းခွဲဝေသတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ လျာထားသတ်မှတ်ချက်အရ မိမိတို့သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တာဝန်ယူပြုပြင်ဖောက်လုပ်ပေးရမည့် ပထမဦးစားပေး ခြောက်လမ်းမှာ အရှေ့ဖွားစောကျေးရွာအဝင်မှ ဇေယျဝေရီကန်သို့သွားသောလမ်း၊ မြင်းကပါ ကျေးရွာတွင်းလမ်းများ၊ ကုန်းတန်းကြီးကျေးရွာ အဝင်လမ်း၊မင်းနန်သူကျေးရွာအဝင်လမ်း၊ အနောက်ဖွားစောကျေးရွာအဝင်လမ်း၊ ပုဂံမြို့သစ်မှ နတ်ကြို့ အိုင်ကျေးရွာအဝင်လမ်းတို့ ဖြစ်ပါသည်။ ဒုတိယ ဦးစားပေး သုံးလမ်းမှာ ဖျောက်ဆိပ်ပင်ကျေးရွာ အဝင်လမ်း၊ မင်းနန်သူကျေးရွာ ရွာတွင်းလမ်းများ၊ တောင်ဘီကျေးရွာ ရွာတွင်းလမ်းများ ဖြစ်ကြသည်။ ဇွန်လ ၁၉ ရက်နေ့တွင်ကျွန်တော်နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ပြည့်စိုး၊ ခရိုင်နှင့် မြို့နယ်အဆင့် အင်ဂျင်နီယာများ၊ ဒေသမှ တာဝန်ရှိသူများ လိုက်ပါလျက် အထက်ပါလမ်း ကိုးလမ်းကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ လမ်းကိုးလမ်းအနက် အရှေ့ဖွားစော ကျေးရွာအဝင်မှ ဇေယျဝေရီကန်သို့ သွားရာလမ်း၊ မြင်းကပါကျေးရွာတွင်းလမ်းများနှင့် ကုန်းတန်းကြီး ကျေးရွာအဝင်လမ်းတို့တွင် ပြုပြင်ဆောက်လုပ်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ အရှေ့ဖွားစော၊ အနောက်ဖွားစောရွာများသည် ပုဂံခေတ် နရသီဟပတေ့မင်းကြီး၏ မိဖုရားခေါင်ကြီးဖြစ်သော မိဖုရားဖွားစောနှင့် ဆက်နွှယ်နေသော ရွာများဖြစ်ကြသည်။ မိဖုရားဖွားစောကို စောလှဝန်းဟူ၍လည်း ခေါ်ကြ၏။ ပုဂံခေတ်တွင် မိဖုရား သက်တမ်းရှည်ကြာသူ၊ ဉာဏ်ပညာကြီးသူ၊ ရုပ်ရည်ချောမောသူအဖြစ်နှင့်လည်း ထင်ရှားခဲ့သည်။ နရသီဟပတေ့ဘုရင်ကိုလည်း ထိန်းကျောင်းတည့်မတ်ပေးနိုင်သူ ဟူ၍လည်းသိရ၏။ နရသီဟပတေ့မင်း လွန်လေသောအခါ ကျော်စွာမင်းကိုလည်းကောင်း၊ တစ်စီးရှင်သီဟသူကိုလည်းကောင်း ထီးနန်းရရှိအောင် ကူညီပေးခဲ့သူလည်းဖြစ်၏။ မိဖုရားဖွားစောသည် အေဒီ ၁၂၉၅-၉၆ တွင် ကွယ်လွန်သည်ဟု ဖော်ပြထားရာ ယင်းနောက်ပိုင်းတွင် စောဘွဲ့ခံမိဖုရား အများအပြားပေါ်ထွက်ခဲ့ကြောင်း၊ မိဖုရားဖွားစော၏ ညီမတော်များထဲမှ တတိယဖွားစောအမည်ခံမိဖုရားသည် သားတော် သမီးတော်တို့နှင့်အတူ ပုဂံ၏အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာတွင် ရွာကြီးတစ်ရွာတည်ခဲ့ရာ ဖွားစောရွာဟု အမည်တွင်ခဲ့ကြောင်း သိရသည်။

အရှေ့ဖွားစောရွာအဝင်မှ ဇေယျဝေရီကန်သို့ သွားရာလမ်းသည် တစ်မိုင် သုံးဖာလုံခန့် ရှည်လျားပြီး ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာ၌ အနိမ့်ပိုင်း ပေ ၅၂၄၀ ခန့်ကို နှစ်ပေ မြေသားထုဖို့ပေးရန် လိုအပ်ပြီး ပေ ၅၀ ရေကျော်တစ်စင်း၊ ပေ ၈၀ ရေကျော်တစ်စင်းနှင့် ပေ ၁၅၀ ရေကျော်တစ်စင်းတို့ကိုလည်း ထည့်သွင်းတည်ဆောက်ပေးရမည် ဖြစ်သည်။ မြင်းကပါရွာသည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် စံပြကျေးရွာ (Smart Village) အဖြစ် သတ်မှတ်ပြီး ခွင့်ပြုရန်ပုံငွေဖြင့် ရွာတွင်းလမ်း ခုနစ်ဖာလုံ စတင်ဆောင်ရွက်ပေးနေသော ကျေးရွာတစ်ရွာဖြစ်ပါသည်။ ရပ်ကွက်ကြီးခြောက်ခု၊ အိမ်ခြေ ၁၁၅၁ အိမ်၊ လူဦးရေ ၅၂၆၃ ဦး နေထိုင်လျက်ရှိပြီး သမိုင်းဝင်မနူဟာဘုရား၊ မြစေတီဘုရားတို့အပါအဝင် ဘုရားစေတီ ၁၃ ဆူ၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ အထက်တန်း (ခွဲ) တစ်ကျောင်း၊ ဆေးပေးခန်း တစ်ခန်း၊ ဈေးတစ်ခု၊ ယွန်းပစ္စည်းဆိုင် ၁၇ ဆိုင်တို့ ရှိနေပြီး အာဆီယံနိုင်ငံများအတွင်း လူမှုစီးပွား ဘဝမြင့်မားရေး၊ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ကျေးရွာကွန်ရက် ချိတ်ဆက်မှုအတွက်လည်း ရွေးချယ်ထားသော ကျေးရွာဖြစ်ပေသည်။ စံပြကျေးရွာ (Smart Village) စီမံကိန်းနှင့်အတူ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် ယွန်းထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားပေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပေရာ အနာဂတ်ကာလ ခရီးသွားလုပ်ငန်းကိုပါ များစွာအထောက်အကူပြုမည်ဖြစ်သည်။

မင်းနန်သူကျေးရွာအဝင်လမ်းသည် ညောင်ဦးမှ ပုဂံမြို့သစ်သို့ ဆက်သွယ်ထားသော ဆောက်လုပ် ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနပိုင် ကတ္တရာလမ်းသစ်မှ ရွာတွင်းသို့ဝင်ရသည့် အရှည် ၂ ဒသမ ၅၈ ဖာလုံခန့် လမ်းဖြစ်သည်။ ရွာတွင်းသို့ ရောက်သွားသောအခါ၌လည်း ညောင်ဦး- ပုဂံမြို့သစ် ကတ္တရာလမ်းဟောင်းနှင့် ဆုံနေသောကြောင့် ၎င်းအဝင်လမ်း ၂ ဒသမ ၅၈ ဖာလုံကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးပါရန် ဒေသခံများက တင်ပြလာပါ သည်။ မင်းနန်သူကျေးရွာအတွင်းရှိ ရွာတွင်းလမ်းများ အနေဖြင့်လည်း စုစုပေါင်း ၂ ဒသမ ၅ ဖာလုံခန့် ရှိလေရာ ဂျင်းကျောက်ခင်းနိုင်ရေး တွက်ချက်ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ကုန်းတန်းကြီးကျေးရွာ အဝင်လမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အရှည်လေးဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေပြီဖြစ်ရာ ကျန်လမ်းတစ်မိုင်ကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာသို့ သွားသောအဝင်လမ်းကမူ ၁/ ၄ မိုင် အရှည်ရှိပြီး ယင်းလမ်းပေါ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ခွင့်ပြုငွေဖြင့် အလျားပေ ၆၀၊ အနံပေ ၂၀ ရှိ ရေကျော်တစ်စင်း စတင်တည်ဆောက်ပေးနေပြီဖြစ်သည်။ ကျန်လမ်းများဖြစ်သည့် အနောက်ဖွားစောကျေးရွာအဝင်လမ်း ၂ ဒသမ ၆၅ ဖာလုံ၊ ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း သုံးဖာလုံ၊ တောင်ဘီကျေးရွာအဝင်လမ်း ၅ ဒသမ ၂ ဖာလုံတို့ကိုလည်း လိုက်လံကြည့်ရှုခဲ့ရာ သတ်မှတ်ကာလအမီ ဂျင်းကျောက်ခင်း၍ ပြုပြင်ဖောက်လုပ်ပေးနိုင်ရေး၊ လိုအပ်သည့်လမ်းအကျယ်ရရှိရေး ညှိနှိုင်းတွက်ချက် ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ပုဂံလွမ်းချင်း

ကျွန်တော့်ဘဝမှာ ဘယ်နှကြိမ်ဘယ်နှခါပဲ ရောက်ခဲ့ရောက်ခဲ့၊ ထပ်မံ၍ သွားချင်မိသော မြို့ရွာ ဒေသများ ရှိနေပါသည်။ မြန်မာပြည်မြောက်ဘက် အစွန်ဆုံးက အိမ်ခြေ ၂၀ ကျော်သာရှိသော ပန်နန်းဒင်မြို့လေးသို့ သုံးကြိမ်၊ ခေါင်လန်ဖူးမြို့သို့ လေးကြိမ်၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မက်မန်းမြို့လေးသို့ လေးကြိမ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ဒေသက ဟိုမိန်းမြို့လေးသို့ လေးကြိမ် ရောက်ခဲ့ဖူးပါပြီ။ သွားခွင့်ကြုံလျှင်လည်း ထပ်၍သွားပါဦးမည်။ ချင်းပြည်နယ်က ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့များသည်လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့များသည်လည်းကောင်း၊ ရခိုင်ဒေသ မြို့ရွာများသည်လည်းကောင်း ကျွန်တော့်နှလုံးသား ပုံရိပ်ထဲမှာ ထင်ဟပ်နေဆဲ။ ထိုနည်းနှင်နှင်ပင် ကျွန်တော် ထပ်ကာထပ်ကာ ရောက်ဖူးချင်သော နေရာတစ်ခုမှာ ပုဂံ/ ညောင်ဦးဒေသဖြစ်သည်။ ပုဂံရှိ ရှေးဟောင်းစေတီဘုရားပုထိုးများ၏ အရိပ်အာဝါသကို မှီခိုနေထိုင်ရင်းခံစားရသည့် အေးငြိမ်းချမ်းသာမှုသည် ဘယ်အရာနှင့်မျှ မနှိုင်းယှဉ်နိုင်လောက်အောင် သိမ်မွေ့နူးညံ့လွန်းသည်။ နောက်ထပ်သည့်ထက်ပိုသော အရာတစ်ခုကတော့ သွားလေသူ ဇနီးသည်နှင့်အတူ ကုသိုလ်ပြုခဲ့ဖူးသည့် ဘုရားပုထိုး စေတီများစွာရှိနေသော၊ အမှတ်တရများစွာရှိနေသော အရပ်ဒေသတစ်ခုဖြစ်နေ၍ပါတည်း။ ကျွန်တော်ချစ်သော ပုဂံ၊ ကျွန်တော်လွမ်းမိသော ပုဂံ၊ သည်နေရာ သည်လိုအရပ်ဒေသတွေမှာ လမ်းများပြုပြင်ဖောက်လုပ်ပေးရင်း ကုသိုလ်ပြုခွင့် ထပ်မံရရှိခြင်းအတွက် ဝမ်းမြောက်မိပါသည်။ ။