ငယ်ငယ်ရွယ်ရွယ်တုန်းက စားချင်တာတွေ မဆင်မခြင် စားခဲ့ကြတာကတစ်ကြောင်း လေ့ကျင့်ခန်း မလုပ်ခဲ့တာကြတစ်ကြောင်း နှလုံးကျန်းမာအောင် မထိန်းခဲ့မိတာကတစ်ကြောင်း အသက်ကြီးလာတော့ ဝလာတာက တစ်ကြောင်းနဲ့ နှလုံးသွေးကြောကျဉ်းတဲ့ပြဿနာတွေ အဖြစ်များလာတာ အားလုံးသိကြမှာပါ။ နှလုံးသွေးကြောဆိုတာကလည်း အရေးကြီးတယ်မလား။ ကျဉ်းရာကနေ နောက်ပိုင်း နှလုံးသွေးကြော ပိတ်သွားတာမျိုးကနေ အသက်ဆုံးတဲ့အထိ ဖြစ်သွားတတ်တယ်လေ။
ကျဉ်းနေတဲ့နှလုံးသွေးကြောကြောင့် လှုပ်လှုပ်ရှားရှား လုပ်လိုက်တိုင်း မောလို့ ဆေးခန်းသွားပြတဲ့အခါ နှလုံးသွေးကြောကျဉ်းနေပြီလို့ အဖြေထွက်တာနဲ့ ဆရာဝန်က Stent ထည့်ပြီး နှလုံးသွေးကြောပြန်ချဲ့ဖို့လိုကြောင်း ပြောပါလိမ့်မယ်။ ဒီတော့ Stent ဆိုတာဘာလဲ၊ သူက ဘယ်လိုကောင်းကျိုးတွေ ရှိလို့လဲဆိုတဲ့အကြောင်း ဒီဆောင်းပါးထဲမှာ ပြောပြပေးမှာပါ။
Stent ဆိုတာ ဘာလဲ။
Stent ဆိုတာ သတ္တု(ဒါမှမဟုတ်) ပလတ်စတစ်နဲ့လုပ်ထားတဲ့ သေးငယ်တဲ့ ပိုက်လေးတစ်ချောင်းပါ။ ပိတ်နေတဲ့ သွေးကြောတွေ ပြန်ပွင့်ဖို့၊ ကျဉ်းနေတဲ့ သွေးကြောတွေ ပြန်ကျယ်စေဖို့ ဒီ Stent လေးထည့်ပြီး ပုံမှန်သွေးလည်ပတ်မှု ရအောင်လုပ်လို့ရပါတယ်။ သွေးကြောကြီးတွေအတွက်တော့ specialized fabric နဲ့ပြုလုပ်ထားတဲ့ Stent-grafts တွေ ထည့်ရပါတယ်။
ဘယ်လိုလူတွေက stent ထည့်ဖို့ လိုအပ်သလဲ။
• သွေးတွင်းအဆီဓာတ်များပြီး ပုံလာတဲ့ အဆီပြင်တွေကြောင့် သွေးကြောကျဉ်းသွားတဲ့လူတွေ
• အရေးပေါ် အခြေအနေဖြစ်တဲ့နှလုံးသွေးကြောပိတ်သွားတဲ့ လူနာတွေဆို ချက်ချင်းအရေးပေါ် stent ထည့်ရတတ်ပါတယ်။
Stent ထည့်တာက နှလုံးသွေးကြောမပိတ်အောင် တစ်ခုတည်းအတွက် သုံးလို့ရတာလား။
နှလုံးသွေးကြောကျဉ်းတာ ပိတ်တာအတွက် stent ထည့်ပြီးကုသတာအပြင် stent က
• Aortic Aneurysm (နှလုံးပင်မသွေးကြောဖောင်းခြင်း) brain Aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်း) စတဲ့ သွေးကြောဖောင်းတွေ မပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
• သည်းခြေလမ်းကြောင်းပိတ်သွားတာ၊ လေပြွန်ကျဉ်းနေတာနဲ့ ဆီးလမ်းကြောင်းပိတ်သွားတာ စတဲ့ ပြဿနာတွေမှာလည်း stent ထည့်ပြီး ပုံမှန်လမ်းကြောင်းပြန်ရအောင် လုပ်လို့ရပါသေးတယ်။
နှလုံးသွေးကြောကျဉ်းနေလို့ Stent ထည့်ကုသမှု ခံယူတော့မယ်ဆိုရင် လူနာတွေဘက်က ဘာတွေ ပြင်ဆင်ထားဖို့လိုအပ်လဲ။
ဒီလို ပြင်ဆင်တဲ့နေရာမှာ ကိုယ်ဘယ်နေရာမှာ stent ထည့်မှာလဲ ဘယ်သွေးကြောအတွက် ဘယ်လမ်းကြော်ငးအတွ်က ထည့်မှာလဲဆိုတာပေါ် မူတည်ပြီး ကွဲပြားမှုတွေ ရှိပါတယ်။ Stent ကို များသောအားဖြင့် သွေးကြောတွေ အတွက်ပဲ သုံးကြတာဆိုတော့ သွေးကြောတွေထဲ stent မထည့်ခင် လူနာဘက်က ပြင်ဆင်ထားဖို့လိုတဲ့အချက်လေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။
• စွဲသောက်နေတဲ့ ဆေးတွေ အကြောင်း ဆရာဝန်ကို သေချာပြောပြပါ။
• သွေးကျဲစေတဲ့ ဆေးတွေဖြစ်တဲ့ aspirin, clopidogrel, ibuprofen, နဲ့ naproxen တို့ကို လုံးဝမသောက်ပါနဲ့။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။
• ဆေးလိပ်သောက်နေတဲ့သူဆို ဆေးလိပ်ဖြတ်ပါ။
Stent တစ်ခုကို ဘယ်လိုထည့်လဲ။
နှလုံးသွေးကြောထဲ ပိုက်ထည့်ရမယ်ဆိုတော့ ခွဲစိတ်မှု အကြီကြီးလုပ်ရမှာပဲလို့ ထင်နေကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ တကယ်တော့ Stent ထည့်ပြီး နှလုံးသွေးကြောချဲ့တဲ့ ခွဲစိတ်မှုဟာ ခွဲစိတ်ရာ အကြီးကြီးမလိုဘဲ သေးသေးလေးနဲ့တင်ပြီးသွားတဲ့ ခွဲစိတ်မှု တစ်ခုပါ။
ပေါင်ကြား(ဒါမှမဟုတ်) လက်မောင်းအတွင်း တစ်နေရာမှာ ခွဲစိတ်ရာသေးသေးလေးပေးပြီး ကင်မရာတပ်ဆင်ထားတဲ့ catheter ကနေတစ်ဆင့် လိုချင်တဲ့နေရာရောက်အောင် Stent ကို ထည့်လေ့ရှိပါတယ်။ ဒီလိုထည့်နေချိန် သွေးကြောတွေကို ပိုပြီးမြင်သာစေဖို့အတွက် ဆရာဝန်ကနေ angiogram လို့ခေါ်တဲ့ သွေးကြောတွင်းဆေးရည်ထိုးသွင်းပုံရိပ်ဖော်ခြင်းနည်းပညာကို သုံးမှာ ဖြစ်ပါတယ်။
ဒီလို နည်းပညာတွေကိုသုံးပြီး ပျက်စီးနေတဲ့သွေးကြောနေရာကို သိမယ်၊ အဲဒီနေရာရောက်အောင် stent ထည့်ပြီး ပြုပြင်ပေးမယ်၊ ပြီးရင် stent ကလွဲပြီး ကျန်တာတွေအားလုံးကို ပြန်ထုတ်၊ ခွဲစိတ်ရာကို ပြန်ချုပ်မှာ ဖြစ်ပါတယ်။
Stent ထည့်တဲ့ ကိစ္စမှာရော နောက်ဆက်တွဲ ပြဿနာတွေ ရှိသေးလား။
သူကလည်းခွဲစိတ်မှု တစ်ခုဖြစ်တာကြောင့် နောက်ဆက်တွဲ ပြဿနာလေးတွေ ရှိပါတယ်။ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့
• သွေးကြောတွေကို ပုံရိပ်ဖော်တဲ့နေရာမှာသုံးတဲ့ ဆေးရည်တွေနဲ့ ဓာတ်မတည့်တာ
• မေ့ဆေးပေးခွဲစိတ်ရတာဖြစ်တာကြောင့် မေ့ဆေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ
• သွေးကြောကို ခွဲစိတ်ရာမှာဖြစ်တာကြောင့် သွေးထွက်လွန်တဲ့ပြဿနာတွေ
• သွေးထွက်ရာကနေ သွေးခဲလေးတွေဖြစ်သွားနိုင်တာတွေ
• Stent က အခြားသွေးကြောတစ်ခုအပေါ် သွားပိမိပြီး သွေးကြောပိတ်သွားနိုင်တာတွေ
• အသစ်ဝင်လာတဲ့ stent ကို ခုခံအားက ပြန်တိုက်လို့ သွေးကြောတွေ ရောင်ပြီး ကျဉ်းလာတာမျိုးတွေ
• လေပြွန်ထဲ stent ထည့်တဲ့ ကိစ္စတွေမှာဆို အသက်ရှူရခက်တာတွေ
• ကျောက်ကပ်ထဲ stent ထည့်တဲ့ပြဿနာတွေမှာဆို ကျောက်တည်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
Stent ထည့်ပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်နိုင်သေးလဲ။
• ခွဲထားတဲ့ အရာလေးကနေ နာကျင်မှု အနည်းငယ်ခံစားရမယ်။ အဲဒီအတွက် ဆရာဝန်တွေက ဆေးပေးမှာ ဖြစ်ပါတယ်။
• သွေးခဲတာမျိုးတွေ မဖြစ်အောင်လို့ သွေးကျဲဆေးတွေလည်း သောက်ရပါလိမ့်မယ်။
• နှလုံးသွေးကြောပိတ်တာ လေဖြတ်တာမျိုးတွေ ကြောင့် stent ထည့်ရရင်တော့ စိတ်ချရအောင် ဆေးရုံမှာ ရက်အနည်းငယ်နေဖို့ လိုပါလိမ့်မယ်။
• နောက်ပြီး သွေးကြောကျဉ်းတာ သွေးတွင်းအဆီများတာမျိုးတွေ ထပ်မဖြစ်အောင်လို့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲဖို့လိုအပ်ပါလိမ့်မယ် ။ ။
ရေးသားသူ-Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”