ပါမောက္ခဒေါက်တာမောင်

သုံးဆယ့်လေးစက္ကန့်တိုင်း တစ်ဦးနှုန်း သေဆုံးနေသောရောဂါ
ထိတ်လန့်ဖွယ် သတင်းတစ်ပုဒ်။
နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကြောင့် ကမ္ဘာပေါ်တွင် အချိန် ၃၄ စက္ကန့်တိုင်း လူတစ်ဦးနှုန်း အသက်ဆုံးရှုံးလျက်ရှိပြီး ယင်းသေဆုံးသူများအနက် နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် သေဆုံးမှုသည် အများဆုံးဖြစ်ကြောင်း ဧပြီလ ၂၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း နှလုံးသွေးကြောကျဉ်းရောဂါဖြင့် သေဆုံးသူပေါင်းမှာ ၃၀၂၉၅ ရှိပြီး စုစုပေါင်း သေဆုံးသူများ၏ ၇ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။ လေဖြတ်ခြင်းပြီးလျှင် ဒုတိယအသေအပျောက်အများဆုံး ရောဂါဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဒေါက်တာဦးကိုကိုဇော် (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန) ဦးဆောင်သောအဖွဲ့၏ မြန်မာနိုင်ငံ မြို့နယ်လေးခု (ကျောက်တန်း၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်) တို့တွင် လူဦးရေ စုစုပေါင်း ၉၆၀၈၆၇ ဦးအပေါ်တွင် လေ့လာခဲ့သော တွေ့ရှိချက်အရ သွေးတိုးရောဂါရှိနေ သူများမှာ ၅၁ ရာခိုင်နှုန်းရှိပြီး နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပေါ်လာနိုင်သော အခွင့်အလမ်းမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာနှင့် တစ်ဝန်းတွင်လည်း နှလုံးသွေးကြောကျဉ်းရောဂါသည် အသေအပျောက် အများဆုံး ရောဂါတစ်ခု ဖြစ်နေသည်။

ဆိုးရွားလှသော ထိုရောဂါ၏အကြောင်းရင်းမှာ တစ်စတစ်စကျဉ်းမြောင်းလာသော သွေးကြောများကြောင့် ဖြစ်သည်။

ကျဉ်းမြောင်းလာသော သွေးကြောများ
သွေးကြောများအတွင်း နံရံထူထပ်မာကျောလာပြီး တစ်စတစ်စ ကျဉ်းမြောင်းလာခြင်း (Atherosclerosis) သည် အကြောင်းရင်း ဖြစ်သည်။

အဓိကလက်သည်မှာ ခြေလေးချောင်းသားနှင့် ထောပတ်မှရသောအဆီ (Cholesterol) ဖြစ်သည်။ အစားအသောက် တွင်ပါသော ထိုအဆီသည် အာဟာရဓာတ်တစ်မျိုး ဖြစ်သော်လည်း လိုသည်ထက်ပိုစားသောအခါ ဒုက္ခပေးတော့သည်။ သွေးထဲတွင် ပိုလျှံနေသော ထိုအဆီများသည် သွေးကြောများ၏ အတွင်းနံရံတွင် တွယ်ကပ်စုပုံလာကြသည်။ ထိုအခါ ပုံမှန်အားဖြင့်သွေးလှည့်ပတ်မှု လွယ်ကူစေရန် ချောမွတ်နေသော သွေးကြောအတွင်းသားနံရံပျက်စီးသွားပြီး အမာရွတ် တစ်သျှူးများဖြစ်သောအမျှင်များ အစားထိုး ဝင်ရောက်လာသည်။ ထိုအမျှင်များသည် အလွှာအချပ်များ (Plaques) အသွင်ဖြင့် ဖြစ်ပေါ်လာကြပြီး သွေးကြောကို တစ်စတစ်စ ကျဉ်းမြောင်း လာစေတော့သည်။ သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်း၊ သွေးကြော အတွင်း သွေးခဲခြင်းများ နောက်ဆက်တွဲအဖြစ် ဖြစ်ပေါ်လာကြသည်။ ထိုဖြစ်စဉ်သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်သောရောဂါနှင့် ခြေလက်များတွင် သွေးမလျှောက်သောရောဂါတို့၏ အကြောင်းရင်းခံ ဖြစ်သည်။

စင်စစ် ထိုဖြစ်စဉ်သည် မလွှဲမရှောင်သာသော ဇရာ၏ ပြယုဂ်တစ်ခုဖြစ်သည်။ ရောဂါဖြစ်သောအဆင့်သို့ ရောက်မလာ သော်လည်း လူတိုင်းတွင်ရှိနေသည်။ တွေ့ရှိချက်များအရ ဆယ်ကျော်သက်အရွယ်များတွင် ၁၇ ရာခိုင်နှုန်း၊ သက်လတ်ပိုင်း အရွယ်တွင် ၅၂ ရာခိုင်နှုန်းနှင့် အသက် ၅၀ အထက်အရွယ်တွင် ၈၅ ရာခိုင်နှုန်းရှိနေသည်။ အသက်ကြီးသည်နှင့်အမျှ သွေးကြောများ ကျဉ်းမြောင်းလာခြင်းသည် မလွဲမသွေရောက်ရှိလာမည့် ဇရာဖြစ်စဉ်တစ်ခုဖြစ်သည်။ သို့ရာတွင် အသက်ကို ဉာဏ်စောင့်ခြင်းဖြင့် ရောဂါအဆင့်သို့ ရောက်ရှိမလာစေရန် ကာကွယ်တားဆီးထားနိုင်သည်။

ထိုဖြစ်စဉ်ကို ဖြစ်လွယ်စေသောအကြောင်းများကို သိနားလည်ခြင်းနှင့် လိုအပ်သလို အစားအသောက်၊ အနေအထိုင် ပြောင်းလဲခြင်းသည် ကာကွယ်တားဆီးခြင်း ဖြစ်သည်။

ရောဂါဖြစ်လွယ်စေသောအကြောင်းများ (Risk factors)
နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်လွယ်စေသောအကြောင်းများ ရှိနေသည်။ ဆေးလိပ်ငွေ့တွင်ပါဝင်သော နီကိုတင်းဓာတ် သည် သွေးကြောနံရံများကို ပျက်စီးစေသည်။ သွေးကြောပိတ်ခြင်းကို အလွယ်တကူဖြစ်ပေါ် စေသည်။ ဆေးလိပ်သောက်သူ များသည် မသောက်သူများထက် ရောဂါဖြစ်နိုင်ခြေ လေးဆပိုမိုများနေပြီး ထိုရောဂါနှင့် သေဆုံးနိုင်သော အခွင့်အလမ်းမှာ ၇၀ ရာခိုင်နှုန်း ပိုမိုမြင့်မားနေသည်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူနေရသူများတွင်လည်း တူညီသောဆိုးကျိုး ဖြစ်ပေါ်စေသည်။

သွေးတိုးရောဂါရှိနေသည်ကို မသိခြင်း၊ မကုသခြင်းတို့သည်လည်း အကြောင်းတစ်ရပ်ဖြစ်သည်။ သွေးပေါင်ချိန် အပေါ်သွေး ၂၀ (mmHg)နှင့် အောက်သွေး ၁၀ (mmHg) တိုးလာတိုင်း နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ နှစ်ဆတိုး လာကြောင်း လေ့လာမှုများက ဖော်ပြထားသည်။

အစားအသောက်မှ ရရှိသောအဆီ (cholesterol)သည် ထင်ရှားသော အကြောင်းတစ်ရပ်ဖြစ်သည်။ ထောပတ်၊ ခြေလေးချောင်းသားအဆီ၊ ပြောင်းလဲဆီ (သို့မဟုတ်) ပြန်ကြော်ဆီများသည် အဆိုးဆုံးဖြစ်သည်။ နှလုံးသွေးကြောကျဉ်း ရောဂါရှိနေသူများ၏ ၆၀ ရာခိုင်နှုန်းသည် သွေးထဲတွင် cholesterol ပမာဏ မြင့်မားနေကြောင်း တွေ့ရှိရသည်။

ဝခြင်းနှင့် အဝလွန်ခြင်းသည် နှလုံးသွေးကြောကျဉ်းရောဂါသာမက အခြားရောဂါများစွာတို့နှင့်လည်း ဆက်စပ်နေသည်။ ခန္ဓာကိုယ်ဒြပ်ထုညွှန်းကိန်း (Body Mass Index) ၂၅ မှ ၃၀ သည် ဝနေသူများဖြစ်ပြီး ၃၀ ထက်များခြင်းသည် အဝလွန်နေခြင်းဖြစ်သည်။ [ခန္ဓာကိုယ်ဒြပ်ထု ညွှန်းကိန်းသည် ကိုယ်အလေးချိန်(ကီလိုဂရမ်)ကို အရပ်(မီတာ) နှစ်ထပ်ကိန်းဖြင့် စား၍ ရသောကိန်း ဖြစ်သည်။]

ဆီးချိုရောဂါရှိသူများသည် မရှိသူများထက် ရောဂါဖြစ်နိုင်ခြေ လေးဆ ပိုမိုမြင့်မားသည်။ ဆီးချိုရောဂါသည် သွေးထဲရှိ အဆီပမာဏကို မြင့်မားစေရုံမက သွေးတိုးရောဂါကိုပါ ဖြစ်လွယ်စေသည်။

ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်ပုံ အလေ့အထသည်လည်း အကြောင်းတစ်ရပ် ဖြစ်သည်။ အငန်၊ အဆီနှင့် အချိုများကို နှစ်ခြိုက်ခြင်း၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ စားသောက်မှုနည်းပါးခြင်း၊ အရန်သင့် အစားအစာများ စားလေ့ရှိခြင်းသည် အကြောင်းတစ်ရပ်ဖြစ်သည်။

ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းသည် အထက်ပါ အကြောင်းအားလုံးကို ပိုမိုဆိုးရွားစေသောကြောင့် အရေးအကြီးဆုံးနှင့် အဓိကအကျဆုံးအကြောင်း တစ်ရပ်ဖြစ်နေသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သွေးလှည့်ပတ်မှု မြန်ဆန်လာပြီး သွေးကြောများ ပြန်လည်ကျယ်ပြန့်လာကြောင်း တွေ့ရှိရသည်။ ပျက်စီးနေသော သွေးကြော အတွင်းနံရံများကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့် နှလုံးရောဂါနှင့် ဆီးချိုရောဂါတို့ဖြင့် သေဆုံးနိုင်သော အခွင့်အလမ်း ၃၀ ရာခိုင်နှုန်းပိုများကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထက်ပါ အကြောင်းများသည် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်လွယ်စေသော အကြောင်းများဖြစ်သည်။ ထိုအကြောင်း များရှိနေလျှင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ ပိုများမည် ဖြစ်သည်။

စာရှုသူ ဤဆောင်းပါးကိုဖတ်နေသော ၁၀ မိနစ်ခန့် အချိန်အတွင်းတွင် ကမ္ဘာအနှံ့တွင် လူ ၂၀ ခန့် နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် အသက်ဆုံးရှုံးသွား ကြပြီဖြစ်သည်။ နောက် ၁၀ မိနစ် (သို့မဟုတ်) ၁၀ ရက် (သို့မဟုတ်) ၁၀ လအကြာတွင် မိမိအလှည့် ရောက်မလာနိုင်ဟု မည်သို့သေချာပေါက် သိနိုင်မည်နည်း။

ရောဂါဖြစ်နိုင်ခြေ အလားအလာ
မိမိတွင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ မည်မျှရှိသည်ကို ဩစတြေးလျနိုင်ငံ Heart Foundation မှ ထုတ်ပြန်သော မေးခွန်း ၁၂ ခုကို ဖြေဆိုခြင်းဖြင့် ရမှတ်အပေါ်မူတည်၍ အကြမ်းဖျင်းခန့်မှန်းနိုင်သည်။ (အတိအကျမဟုတ်ပါ)

၁။    ဆေးလိပ်သောက်တတ်ပါသလား
၁၊ မသောက်တတ်ပါ..................................    ၁ မှတ်
၂၊ တစ်ခါတစ်ရံသောက်တတ်ပါသည်...............      ၂ မှတ်
၃၊ တစ်ပတ်လျှင် နှစ်ကြိမ်ခန့်သောက်ပါသည်.......    ၃ မှတ်
၄၊ နေ့စဉ်သောက်ပါသည်............................    ၄ မှတ်
၂။    သင်၏အသက်
၁၊ ၃၀ နှစ် အောက်...........................................၁ မှတ်
၂၊ ၃၀ မှ ၄၄ နှစ် .............................................၂ မှတ်
၃၊ ၄၅ မှ ၆၀ နှစ် .............................................၃ မှတ်
၄၊ ၆၀ နှစ်အထက်............................................၄ မှတ်

၃။    တစ်ရက်အတွင်း ဟင်းသီးဟင်းရွက်စားဖြစ်သောအကြိမ်
၁၊ ငါးကြိမ်နှင့်အထက်..................................     ၁ မှတ်
၂၊ ၃-၄ ကြိမ်................................................     ၂ မှတ်
၃၊ ၁-၂ ကြိမ်.............................................     ၃ မှတ်
၄၊ မစားဖြစ်ပါ............................................     ၄ မှတ်

၄။     တစ်ရက်အတွင်း အသီးအနှံစားဖြစ်သောအကြိမ်
၁၊ ၃-၄ ကြိမ်..............................................     ၁ မှတ်
၂၊ နှစ်ကြိမ်...............................................     ၂ မှတ်
၃၊ တစ်ကြိမ်.............................................     ၃ မှတ်
၄၊ မစားဖြစ်ပါ............................................     ၄ မှတ်
၅။     ရက်သတ္တပတ်အတွင်း လေ့ကျင့်ခန်း ပြုလုပ်သည့်ရက်များ
၁၊ နေ့စဉ်ပြုလုပ်ပါသည်..................................     ၁ မှတ်
၂၊ ၄-၅ ရက် ပြုလုပ်ပါသည်............................     ၂ မှတ်
၃၊ ၂-၃ ရက် ပြုလုပ်ပါသည်............................     ၃ မှတ်
၄၊ တစ်ရက် ပြုလုပ်ပါသည်............................     ၄ မှတ်
၆။     ရက်သတ္တပတ်အတွင်း ဆီများသော အစားအစာများ စားဖြစ်သောအကြိမ်
၁၊ မစားဖြစ်ပါ.....................................................၁ မှတ်
၂၊ တစ်ခါတစ်ရံ.................................................. ၂ မှတ်
၃။ မကြာခဏ.....................................................၃ မှတ်
၄၊ နေ့စဉ်...........................................................၄ မှတ်
၇။     သင်၏သွေးတွင်း အဆီပမာဏသည် ပုံမှန်ထက်များနေသည်ဟု ဆရာဝန်ကပြောဖူးပါသလား
၁၊ မပြောဖူးပါ.................................................    ၁ မှတ်
၂၊ မမှတ်မိပါ......... ........................................    ၂ မှတ်
၃၊ လွန်ခဲ့သောငါးနှစ်ခန့်က ပြောဖူးပါသည်..................    ၃ မှတ်
၄၊ မကြာသေးမီအချိန်က ပြောဖူးပါသည်...................    ၄ မှတ်
၈။     သွေးပေါင်ကျဆေး၊ သွေးတွင်းအဆီချဆေး၊ ဆီးချိုဆေးများ သောက်နေရပါသလား
၁၊ မသောက်ရပါ................................................... ၁ မှတ်
၂၊ ယခင်က သောက်ခဲ့ဖူးပါသည်...........................    ၂ မှတ်
၃၊ ဆေးဖြတ်ခဲ့သည်မှာ တစ်နှစ်ရှိပါပြီ......................    ၃ မှတ်
၄၊ ယခုသောက်နေရပါသည်...................................    ၄ မှတ်
၉။     သွေးတိုးရောဂါရှိနေပါသလား
၁၊ မရှိပါ................................................................၁ မှတ်
၂၊ မသိပါ..............................................................၂ မှတ်
၃၊ လွန်ခဲ့သောငါးနှစ်ကျော်က ရှိခဲ့ဖူးပါသည်............. ၃ မှတ်
၄၊ ယခုရှိနေပါသည်................................................၄ မှတ်
၁၀။     မိသားစုအတွင်း နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများရှိနေ ပါသလား
၁၊ မရှိပါ........................................................................    ၁ မှတ်
၂၊ အဖျားအနားဆွေမျိုးများတွင် ရှိနေပါသည် ...........................    ၂ မှတ်
၃။ နီးစပ်သောဆွေမျိုးများတွင် ရှိနေပါသည်.............................    ၃ မှတ် (တစ်ဝမ်းကွဲမောင်နှမ၊ ဦးလေး ၊အဒေါ်)
၄၊ အဖေ၊ အမေ၊ မောင်နှမအရင်း(တစ်ဦးဦး) တွင် ရှိနေပါသည်......    ၄ မှတ်
၁၁။     သင်၏ နှလုံးကျန်းမာရေးကို ဆရာဝန်နှင့် စစ်ဆေးဖူးပါသလား
၁၊ စစ်ဆေးဖူးပါသည်............................................     ၁ မှတ်
၂၊ လွန်ခဲ့သော နှစ်နှစ်ကျော်က စစ်ဆေးဖူးပါသည်.....    ၂ မှတ်
၃။ လွန်ခဲ့သော ငါးနှစ်ကျော်က စစ်ဆေးဖူးပါသည်.....     ၃ မှတ်
၄၊ မစစ်ဆေးဖူးပါ..................................................    ၄ မှတ်
၁၂။     နှလုံးရောဂါကြောင့်ဟု ထင်ရသော လက္ခဏာများ (ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း) ခံစားရဖူးပါသလား
၁၊ မခံစားရဖူးပါ...................................................     ၁ မှတ်
၂၊ လွန်ခဲ့သော ငါးနှစ်ကျော်က ခံစားရဖူးပါသည်.......     ၂ မှတ်
၃၊ လွန်ခဲ့သော သုံးနှစ်ကျော်က ခံစားရဖူးပါသည်.......     ၃ မှတ်
၄၊ လွန်ခဲ့သော နှစ်နှစ်အတွင်း ခံစားရဖူးပါသည်.......     ၄ မှတ်

ရမှတ်များနှင့် ရောဂါဖြစ်နိုင်ခြေအလားအလာ
ရမှတ် ၁၂-၂၀ အတွင်းရလျှင် သင်၏နှလုံးကျန်းမာရေး ကောင်းမွန်နေသည်ဟု ပြောနိုင်ပါသည်။ ယခုအတိုင်း ဆက်လက် နေထိုင်သွားသင့်ပါသည်။

ရမှတ် ၂၁-၃၀ အတွင်းရလျှင် ဖြစ်လွယ်သောအကြောင်း အနည်းငယ်ရှိနေပြီဖြစ်သည်။ အသက် ၄၅ နှစ်အထက်ဖြစ်လျှင် သင်၏ နှလုံးကျန်းမာရေးကိုဆရာဝန်နှင့် စစ်ဆေးသင့်ပြီဖြစ်သည်။ ရောဂါဖြစ်နိုင်ခြေအနည်းငယ်ရှိနေပြီဖြစ်သည်။

ရမှတ် ၃၁-၄၀ အတွင်းရလျှင် ဖြစ်လွယ်သောအကြောင်းများ အတော်အတန်ရှိနေပြီ ဖြစ်သည်။ အချိန်မဆိုင်းဘဲ ဆရာဝန်နှင့်ပြသင့်ပြီး òန်ကြား ချက်များအတိုင်း လိုက်နာရမည်ဖြစ်သည်။ ရောဂါဖြစ်နိုင်ခြေ အတော်အတန်ရှိနေပြီ ဖြစ်သည်။

ရမှတ် ၄၁-၄၈ အတွင်းရလျှင် ဖြစ်လွယ်သောအကြောင်းများ များစွာရှိနေပြီဖြစ်သည်။ မည်သည့်အကြောင်းများဖြစ်သည်ကို မေးခွန်းများကို ပြန်လည်ဆန်းစစ်၍ လိုအပ်သလို အချိန်မီ အစားအသောက်၊ အနေအထိုင် ပြုပြင်ရမည်ဖြစ်သည်။ ရောဂါဖြစ်နိုင်ခြေ များစွာရှိနေပြီ ဖြစ်သည်။ ဆရာဝန်နှင့် မပြတ်ထိတွေ့၍ လိုအပ်သလို ကုသမှုခံယူရမည် ဖြစ်သည်။

အဓိကအချက်များ
နှလုံးသွေးကြောကျဉ်းရောဂါသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာနှင့်တစ်ဝန်း အသေအပျောက်အများဆုံး ရောဂါတစ်ခု ဖြစ်သည်။

ဩစတြေးလျနိုင်ငံ Heart Foundation ၏ မေးခွန်း ၁၂ ခုကို ဖြေဆိုခြင်းဖြင့် မိမိတွင် ရောဂါဖြစ်နိုင်ခြေ မည်မျှရှိ သည်ကို ခန့်မှန်းသိရှိနိုင်သည်။

ရောဂါဖြစ်လွယ်စေသော အကြောင်းများကို သိနားလည်ပြီး အစားအသောက်၊ အနေအထိုင် ပြုပြင်ပြောင်းလဲခြင်းဖြင့် ထိုရောဂါကို အချိန်မီ ကာကွယ်တားဆီးနိုင်မည်ဖြစ်ပြီး မိမိအသက်ကို ဉာဏ်ဖြင့် စောင့်ရှောက်ထား နိုင်မည်ဖြစ်ကြောင်း တင်ပြလိုရင်း ဖြစ်ပါသည်။

အသက်ကို ဉာဏ်စောင့်နိုင်ကြပါစေ။ ။

ကျမ်းကိုး
1. Cardiovascular diseases(CVDs). WHO Report. 17 May 2017.
2. Prevalence of cardiovascular morbidities in Myanmar. KoKoZaw, New New and Su Su Hlaing. BMC Research Notes. Published online 2017 Feb 15.
3. Mechanism of beneficial effects of physical activity on atherosclerosis and coronary heart disease. J.ApplPhysiol 2011 Jul; 111(1): 308-310.
4. Coronary Heart Disease in Myanmar. World Life Expectancy. https://www. worldlifeexpectancy. com/myanmar
5. Are you at risk of heart disease? Australia Heart Foundation. https://www.heartfoundation.org.au
6. Understanding Your Risk for heart Disease. UCSF Medical center. https://www.ucsfhealth.org/education
7. Atherosclerosis. National Heart, Lung and Blood Institute. https://www.nhlbi.nih.gov/health-topics/atherosclerosis