နှလုံးသွင်းခံယူရမည့် သဘောထားခံယူချက်များ

၃ ဧပြီ
 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်မှု(၂)နှစ်ပြည့် မိန့်ခွန်းတစ်ရပ်ကို မိန့်ကြားခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံရေးအပြောင်းအလဲအား၊ ချောမွေ့ ညင်သာစွာ၊ ပြည်သူပြည်သားများကို ထိခိုက်စေခြင်းမရှိ လုပ်ဆောင်နိုင်ခဲ့ကြောင်း အလေးအနက်ထား တင်ပြခဲ့ပါသည်။ နိုင်ငံတော်သမ္မတ တာဝန်အပြောင်းအလဲကို အလုပ်ရက်တစ်ပတ်အတွင်း ပြီးမြောက်စေရန် တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းတို့က ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ပြသကဲ့သို့နိုင်ငံတော်၏ ရင့်ကျက်တည်ငြိမ်မှုကို ဖော်ဆောင်ပြသလိုက်ခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တာဝန်မှ အနားယူသွားသောသမ္မတကြီး ဦးထင်ကျော်အား ကျေးဇူးတင်စကား ပြောခဲ့ခြင်းသည်လည်းအဆင့်အတန်းမြင့်သည့် နိုင်ငံရေးယဉ်ကျေးမှုကို မီးမောင်းထိုး ပြသလိုက်ခြင်း ဖြစ်ပါသည်။

 

နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်သည် ထမ်းဆောင်ရသည့် ပါတီတာဝန်တို့အား အကြီးအသေး၊ အနိမ့်အမြင့် ရွေးချယ်မှုမရှိ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ခြင်းသည် တိုင်းပြည်၏ နိုင်ငံရေးတာဝန်ကို ထမ်းဆောင်လိုသော ပုဂ္ဂိုလ်တိုင်းက လေးလေးနက်နက် နှလုံးသွင်းရမည့်အချက် ဖြစ်ပါသည်။ တိုင်းပြည်၏ ဒီမိုကရေစီရေး လှုပ်ရှားရုန်းကန်မှု သမိုင်းအပေါ် အခြေခံပြောကြားရပါက နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်သည် နိုင်ငံရေးဒုတိယမျိုးဆက်မှ ပေါ်ထွက်လာသူတစ်ဦးဖြစ်ပါသည်။ အရည်အချင်းပြည့်ဝ၊ ယုံကြည်စိတ်ချရသော မျိုးဆက်သစ်တို့ကို မွေးထုတ်နိုင်ခြင်းသည် ဦးဆောင်ဦးရွက်ပြုသူတို့၏ ဂုဏ်ရောင်အရည်အချင်း ဖြစ်သည်ဟူသောနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားချက်သည် လေးနက်သော အမှန်တရားဖြစ်ပါသည်။ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်၏ တာဝန်ထမ်းဆောင်မှုသည် ဒီမိုကရေစီလှုပ်ရှားမှု ပထမမျိုးဆက်၏ ဂုဏ်ရောင်ကိုထွန်းညှိလိုက်ခြင်း ဖြစ်ပါသည်။

 

အတိတ်ကကျန်ခဲ့သော အမွေဆိုးများ ဖယ်ရှားကျော်လွှားနိုင်ရေးနှင့် နိုင်ငံတော်၏ အနာဂတ်အတွက် မျှော်လင့်ချက်များ ဖြည့်ဆည်းနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လူထုအစိုးရသစ်အနေဖြင့် စုပေါင်းအင်အားအပေါ် အလေးထားလျက် နိုင်ငံ၏စိန်ခေါ်မှုများကို ကျော်ဖြတ်ရန် သန္နိဋ္ဌာန်ချထားကြောင်း မိန့်ကြားခဲ့ခြင်းသည် လူထုအစိုးရသစ်၏ ပြည်သူနှင့်အတူဟူသော ဆောင်ပုဒ်၏ နက်ရှိုင်းကျယ်ပြန့်မှုကို ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ လွတ်လပ်ရေးဖခင်များ မျှော်မှန်းခဲ့တဲ့ တရားမျှတမှုနဲ့လွတ်လပ်တဲ့နိုင်ငံ၊ လူခပ်သိမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှမှု အာမခံမယ့်ဖြူစင်တဲ့ဝါဒကျင့်သုံးတဲ့နိုင်ငံ အမှန်တကယ်ဖြစ်စေဖို့ စုပေါင်းအင်အားနဲ့ လုပ်ဆောင်ကြပါစို့”ဟု နှိုးဆော်ခဲ့ခြင်းသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံတော်၏အနာဂတ်အပေါ် ပို၍ပို၍ ယုံကြည်အားကိုးလာစေရန် အားသစ်လောင်းလိုက်ခြင်း ဖြစ်ပါသည်။

 

ပြည်သူပြည်သားတို့၏ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားရေးဆောင်ရွက်ရာ၌ ကိန်းဂဏန်းတို့၏ အစစ်အမှန် သက်ရောက်မှုကို အလေးအနက်သုံးသပ်ရန်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထောက်ပြချက်သည် တိုင်းပြည် တာဝန်ထမ်းဆောင်လျက်ရှိသော ပုဂ္ဂိုလ်အဖွဲ့အစည်းတိုင်းက အလေးအနက် နှလုံးသွင်းရမည့် ကိစ္စရပ်ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အမြင့်မားဆုံးဆန်တင်ပို့မှုဟူသော ပစ္စုပ္ပန်ဘဏ္ဍာရေးနှစ်အောင်မြင်မှုသည် တောင်သူလယ်သမားတို့၏ ဘဝအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက် ကြောင်း ဆန်းစစ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ကြားခဲ့ခြင်းသည် တိုးတက်မှုကိုဖော်ပြသည့် ကိန်းဂဏန်းတို့သည်ပြည်သူလူထု၏ဘဝကို အမှန်တကယ် ပြောင်းလဲတိုးတက် စေရမည်ဟူသော သဘောတရားကို ညွှန်ပြလိုက်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံတော် အစိုးရတာဝန် ထမ်းဆောင်မှု (၂)နှစ်ပြည့်မိန့်ခွန်းသည် တိုင်းပြည်တာဝန် ထမ်းဆောင်လျက်ရှိသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းတိုင်းက နှလုံးသွင်းရမည့် သဘောထားတို့ကို ဖော်ညွှန်းလိုက်ခြင်းဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။