နမ့်ဆန် ၁၀ အောက်တိုဘာ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၂၀၂၀ ပြည့်နှစ် ဧပြီလနောက်ပိုင်းတွင် မွေးဖွားသည့် ကလေးသူငယ်များကို တစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် (၃)လ (၁)ကြိမ် အစီအစဉ်ဖြင့် (၆)လစာအတွက် တစ်ဦးလျှင် ငွေကျပ်(၉၀၀၀၀)ကျပ်စီကို ယနေ့နံနက် ၁၀ နာရီက လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေရရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ် (၈၉၈)ဦးအနက် ဖုန်းလိုင်းရရှိသော ကျေးရွာများရှိ အကျိုးခံစားခွင့်ရရှိသူများကို မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ချိတ်ဆက်၍ E Wallet ရှိပါက E Wallet များသို့ ငွေလွှဲပြောင်းထောက်ပံ့ပေးမည်ဖြစ်ပြီး E Wallet မရှိပါက နီးစပ်ရာ KBZ Pay Agent များထံသို့ လျို့ဝှက်နံပါတ်ဖြင့် ထောက်ပံ့ငွေကို ထုတ်ယူနိုင်သည်။ ယနေ့တွင် တယ်လီဖုန်းလိုင်းမရှိသော ကျေးရွာများရှိ အကျိုးခံစားခွင့်ရရှိသူများကို KBZ Bank ကိုယ်စားလှယ်များက လာရောက်၍ အကျိုးခံစားခွင့်ရရှိသူများကို ငွေကြေးထောက်ပံ့များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့မှုအပြင် ကျေးရွာရှိ ကလေးငယ်များအား အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု လူမှုဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မိုး(ရွှေဖီမြေ)


