နမ့်ဆန် ၁၀ ဇူလိုင်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နွားမျိုးကောင်းမျိုးသန့် (မွေး/ဘဏ်စနစ်) လွှဲပြောင်းပေးအပ်ခြင်းနှင့် အသင့်ရောစပ်ပြီး နွားစာတောင့်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က ပြုလုပ်သည်။
နွားမျိုးကောင်းမျိုးသန့် ပေးအပ်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းဝင်းထူး၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးမိုင်းသိန်းဇော်တို့က အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာညွန့်သောင်းက တောင်သူများအား နွားမျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ပါတယ်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက မွေးမြူသူများအား နွားမျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးအပ်ခြင်း မှတ်တမ်းများကို လွှဲပြောင်းပေးအပ်ပြီး နွားမွေးမြူရာတွင် နွားစာအဖြစ် အသင့်ရောစပ်ပြီး နွားစာတောင့်များပါ တပါတည်းလွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။ ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က မြို့သစ်ကျေးရွာမှ နွားမွေးမြူရေးခြံ ရှိရာသို့ သွားရောက်ကြည့်ရှုပြီး မွေးမြူသူများမှ နွားစာအဖြစ်စိုက်ပျိုးထားသည့် နေဗီယာမြက်များ စိုက်ပျိုးဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် နွားထီး(၁)ကောင်နှင့် နွားမ(၂၀)ကောင် စုစုပေါင်း (၂၁)ကောင်တို့ကို မြို့နယ် သစ်ကျေးရွာအုပ်စု မြို့သစ်ကျေးရွာရှိ မွေးမြူသူတောင်သူများက စနစ်တကျမွေးမြူနိုင်ရန် နွားခြံများ အသင့်ပြုလုပ်ထားပြီး နွားမျိုးကောင်းများကို မွေးမြူခြင်းဖြင့် မိသားစုဝင်ငွေလည်းတိုး ပြည်သူများမှ တင့်တင့်မျှတသော စျေးနှုန်းများဖြင့် အသားငါးများကို စားသုံးနိုင်စေရန် ရည်ရွယ်ပြီး ၎င်းမွေးမြူရေးခြံတွင် နွားမျိုးကောင်းမျိုးသန့်များအပြင် ကြက်၊ ဘဲများ စသည့် တပိုင်တစ်နိုင်ဝင်ငွေ တိုးစေသည့် မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း မွေးမြူရေးခြံအတွက် လိုအပ်သည့် နည်းစနစ်များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)


