နမ့်ဆန် ၊ အောက်တိုဘာ ၁၈ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းခွဲ တွင် ယနေ့ နံနက် ၁၀ နာရီမှစတင်ကာ အသက်(၁၂)နှစ်ပြည့်ပြီး (၁၈)နှစ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား  ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပထမအသုတ်တွင် Sinovac အမျိုးအစားကာကွယ်ဆေး (၂၅)လုံးရရှိပြီး ကာကွယ်ဆေးတစ်လုံးလျင်(၂)ဦးနှုန်းဖြင့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၅၀)အား ထိုးနှံပေးနိုင်မည် ဖြစ်ပြီး နောက်ရက်များတွင်လည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူထားသည့် အသက် (၁၂)နှစ်ပြည့်ပြီး (၁၈)နှစ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ဦးရေ (၉၀၂)ဦးရှိကြောင်း မြို့နယ်ပညာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နန်းဆိုင်(ပလောင်ဒေသ)