နမ့်ဆန်၊ အောက်တိုဘာ ၂၅

 

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာ လုပ်အားရှင်များ ဦးဆောင်ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၂)/(၃) ဆင်းပွဲကို အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေဖီဦးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲဉက္ကဋ္ဌ ဦးကျားတီက အမှာစကား ပြောကြားပြီး အထက-၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်ကျော်က ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို လာရောက်ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးဦးခင်မောင်က သင်တန်းတွင် ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံသဘောတရား၊ လူမှုဂရုနာ လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ရှေးဦးပြုစုခြင်း အခြေခံ အသိပညာတတ်မြောက်ပြီး ကျန်းမာရေးအသိပညာဖြင့် မိမိပတ်ဝန်းကျင်အား စနစ်တကျ ကူညီစောင့်ရှောက် ပြုစုနိုင်စေရန်နှင့် ရပ်ရွာလူထုနှင့် လူငယ်လူရွယ်များ၏ ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရည် ပိုမိုမြင့်မားလာအောင် ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

 

mdn

 

အဆိုပါသင်တန်းတွင် ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းတက်ရောက်သူ စုစုပေါင်း (၇၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)