နမ့်ဆန်  ၆  မတ်

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မဟာမြတ်မုနိဘုရား ကုန်းပေါ်တွင် ကျင်းပမည့် (၆၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အတွက် ဆွမ်းတော်ကြီး လှည့်လည် အလှူခံပွဲကို ယနေ့ နံနက်(၉)နာရီတွင် ဂေါပက အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများတို့က နမ့်ဆန်မြို့ပေါ်၌ စုပေါင်းလှည့်လည်ခဲ့ကြောင်း သိရသည်။

 

3

 

အကြိမ် (၆၀) မြောက် ကျင်းပမည့် တပေါင်းပွဲတော်ကြီးကို နှစ်စဉ်တပေါင်းလဆန်း (၁၂) ရက်နေ့ မှ တပေါင်းလပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး အဆိုပါပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ၊ ဈေးရောင်း/ဈေးဝယ်သူများဖြင့် အလွန်စည်ကားလျှက်ရှိသည်။ သို့သော်ယခုနှစ်တွင် ကမ္ဘာတစ်ဝန်း ဖြစ်ပွားသည့် ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လူစုလူဝေး မလုပ်ကြရန်၊ ပွဲလမ်းသဘင် အခမ်းအနားများမပြုလုပ်ကြရန် ညွန်ကြားချက် ထုတ်ပြန်လာသဖြင့် တပေါင်းပွဲတော်ကို တပေါင်းလဆန်း (၁၄) ရက်နှင့် (၁၅) ရက်တွင်သာ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ထိုနေ့များ၌ မဟာမြတ်မုနိဘုရားတွင် ရွှေဆိုင်းကပ်ခြင်း၊ အာရုဏ်ဆွမ်းကပ်လှူခြင်း ပြုလုပ်နိုင်ပြီး ဈေးရောင်း/ ဈေးဝယ်ခြင်း (၂)ရက်သာ ခွင့်ပြုပြီး ဖျော်ဖြေရေး အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပ တော့မည် မဟုတ်ကြောင်း မဟာမြတ်မုနိဘုရား ဂေါပကများထံမှ သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)