နမ့်ဆန် ၁၀ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် တအာင်းဂီတနှင့် ရုပ်ရှင် အစည်းအရုံးမှ စီစဉ်ကျင်းပသည့် ဒုတိယအကြိမ်မြောက် တအာင်းသီချင်း အဆိုပြိုင်ပွဲကို ယမန်နေ့ညက မြို့နယ်ခန်းမဆောင်၌ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဒုတိယကြိမ် သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုကို ထမ်းမဆိုင်ကျေးရွာမှ ဒီဒီအဉ္ဇလီ၊ ဒုတိယဆုကို မင်္ဂလာရပ်ကွက်မှ လွေးယမင်းသော်သာ၊ တတိယဆုကို မန်လုံးကျေးရွာမှ ဒီဒါင်းထွေးခမ်း၊ စတုတ္ထဆုကို ကယားပန်စုံကျေးရွာမှ ဒီဒျံတ်ယဉ်ထွေးညှိုနှင့် ပဉ္စမဆုကို ဗွီဒါင်းဖိုးအေး အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ “နမ့်ဆန်မြို့နယ်အတွင်းရှိ အဆိုဝါသနာပါတဲ့ လူငယ်များ၊ အထူးသဖြင့် တအာင်းအဆိုရှင်များ (အဆိုတော်) ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီးတော့ ပြိုင်ပွဲကျင်းပရတာ ဖြစ်ပါတယ်။ အဆိုပြိုင်ပွဲမှာ ထူးချွန်တဲ့ လူငယ်မောင်မယ်များတို့ကို တအာင်း ဂီတနှင့် ရုပ်ရှင်အစည်းအရုံး နမ့်ဆန်မြို့နယ် ကော်မတီတို့က တအာင်းတေးသီချင်းခွေ (၁)ခွေ ထုတ်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ် ရောက်ရှိအောင် ပံ့ပိုးကူညီ ဆောင်ရွက်သွားမယ်” ဟု နမ့်ဆန်မြို့နယ် တအာင်းဂီတ နှင့်ရုပ်ရှင်အစည်းအရုံး ဉက္ကဋ္ဌ ဦးဝင်ဟန်က ပြောသည်။

ပြိုင်ပွဲတွင် တအာင်းဂီတနှင့် ရုပ်ရှင်အစည်းအရုံး နမ့်ဆန်မှ ယခင်နှစ် ပထမအကြိမ်အဆိုပြိုင်ပွဲမှ (၅)ဦး၊ ယခုနှစ် ဒုတိယအကြိမ် အဆိုပြိုင်ပွဲမှ (၅)ဦး စုစုပေါင်း တက်သစ်စ အဆိုတော် (၁၀)ဦးကို မွေးထုတ် ပေးနိုင်ခဲ့ပြီဟု သိရသည်။
သီချင်းဆို ပြိုင်ပွဲတွင် ဒေသဦးစီးအဖွဲ့ ဉက္ကဋ္ဌ ဦးဝင်းကျော်နှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များနှင့် ကျေးရွာအသီးသီးမှ မိဘပြည်သူများတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)
