နမ့်ဆန်      ၅ မတ်


ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေး လူစုလူဝေးမလုပ်ရန်၊ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ခရီးသွားမိဘပြည်သူများအား စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်း မှစ၍  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့အဝင်နေရာတွင် မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့် အခြားသော မြို့နယ်များမှ ဝင်ရောက်လာသည့် ခရီးသည်တင်ယာဉ် (၁၀)စီး၊ အခြားယာဉ်(၉)စီးနှင့် ဆိုင်ကယ်(၁၂)စီးတွင် လိုက်ပါ လာသော ခရီးသည်များထဲတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသော ခရီးသည်များ ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် လိုက်ပါလာသည့် ခရီးသည် စုစုပေါင်း ၁၄၇ ဦးအား အပူချိန်တိုင်းတာခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ပူးပေါင်းအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။


ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ကာကွယ်ရေး လူစုလူဝေးမလုပ်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ မိမိရပ်ကွက်/ ကျေးရွာများတွင် တရုတ်ပြည်မှ ဝင်ရောက်လာပြီး ကျန်းမာရေးအခြေအနေ ထူးခြားမှုရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ရပ်ကွက်တာဝန်ရှိသူများအား အမြန်ဆုံးအကြောင်းကြားနိုင်ရန် မြို့ပေါ်ရပ်ကွက်များနှင့် တပေါင်းပွဲကျင်းပရာ ပွဲခင်းအထိ လှည့်လည်ဟောပြော နှိုးဆော်ခဲ့ကြောင်း သိရသည်။


အောင်မိုး (နမ့်ဆန် ပြန်/ဆက်)