နမ့်ဆန် ၁၂ မေ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ တရုတ်ပြည် ဝူဟန်မြို့မှ နေရပ်ပြန်လာသူများအနက် နမ့်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန်ပြည်သူ (၅၂)ဦးအား မူဆယ်မြို့သို့ သွားရောက်ကြိုဆို၍ ယမန်နေ့ ညနေ ၅ နာရီက နမ့်ဆန်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျားတီနှင့် တပ်ခွဲမှူး ဦးခင်မောင်ပါ (၄)ဦး လိုက်ပါသည့် အုပ်ချုပ်မှုယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ကုသိုလ်ပြု ကြိုဆိုပို့ ဆောင်ပေးသည့် နမ့်ဆန်မြို့နယ် ဒို့ပလောင်ကားဂိတ်မှ ယာဉ်(၅)စီးတို့ဖြင့် မူဆယ်မြို့မှ နမ့်ဆန်မြို့သို့ ကြိုဆိုလာခဲ့ကြသည်။
အဆိုပါအဖွဲ့သည် နမ္မတူ−နမ့်ဆန်နယ်စပ် လီလုတံတားသို့ ရောက်ရှိခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့်အဖွဲ့ဝင်များတို့က သွားရောက်ကြိုဆိုကာ ညနေ ၅ နာရီတွင် နမ့်ဆန်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ Facility Quarantine ထားရှိမည့် နေရာများဖြစ်သော နတလ လူငယ်သင်တန်းကျောင်းတွင် အမျိုးသား(၃၃)ဦး၊ လူသားအရင်းအမြစ်ဘော်ဒါဆောင်တွင် အမျိုးသမီး (၁၉)ဦး စုစုပေါင်း(၅၂)ဦးတို့အား ကျန်းမာရေးဌာန၏ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ နေရာချထားပေးပြီး ၎င်းတို့အတွက် လိုအပ်သည့် ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ရေး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြသည်။
ထို့နောက် နေရပ်ပြန်ပြည်သူများအား Facility Quarantine ထားရှိရာတွင် အဆင်ပြေစေရန်အတွက် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေတို့က အားပေးစကားများ ပြောကြားခဲ့ပြီး စားသောက်နေထိုင်ရေး၊ လုံခြုံရေးအစီအမံများကို ညှိနှိုင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)


