နမ့်စန်(တ) ၂၅ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီက မြို့မဈေးရှေ့တွင် ပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ ဦးလှထွေး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဈေးလုံခြုံရေး အဖွဲ့များ၊ ဈေးသူဈေးသားများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းထွန်းက မီးလောင်ကျွမ်းခြင်း အကြောင်းအရာများနှင့် မီးအမျိုးအစားအလိုက် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုနည်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မီးငြှိမ်းသတ်နည်း အမျိုးမျိုးကို သရုပ်ပြရှင်းလင်းခဲ့ရာ ဈေးသူဈေးသားများက လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ရာတွင် ရှေးဦးစွာ မီးလောင်မှုသတင်း ရရှိသည်နှင့် ယာဉ်အုပ်စုများ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ထွက်ခွာခြင်း၊ မီးလောင်သည့်နေရာသို့ ရောက်ရှိ၍ မီးငြှိမ်းသတ်ခြင်း၊ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် လူနာများကို ဆေရုံသို့ပို့ဆောင်ခြင်းတို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ လူနာတင်ယာဉ် ၂ စီးတို့ဖြင့် လက်တွေ့ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)


