နမ့်စန်(တ) ၁၉ ဇွန်
    

ရှမ်းပြည်နယ် တောင်ပိုင်း၊  နမ့်စန်မြို့နယ်တွင် တောင်သူများ အစားထိုးသီးနှံ စိုက်ပျိုးရေး အတွက် အစားထိုးသီးနှံ မျိုးစေ့၊ ပျိုးပင်နှင့် ဓာတ်မြေသြဇာများ ပေးအပ်ပွဲကို ဇွန် ၁၉ ရက် မွန်းလွဲ ၁ နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့ရာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် နမ့်စန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ကျေးရွာအုပ်စု (၇)ခု မှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြသိန်း က အစားထိုးသီးနှံပေးအပ်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင် နှင့်   မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြသိန်း တို့က အစားထိုးသီးနှံ စပါးမျိုးမျိုးကောင်းမျိုးသန့်မျိုးစေ့ ၇၀ ဧက အတွက် ကီလို ၄၉၀ ၊  လက်ဖက် ပျိုးပင် ၃၀ဝ၀ နှင့် ဓာတ်မြေသြဇာ (၁၅) အိတ်တို့ကို  ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက လက်ခံရယူခဲ့ကြသည်။


ထို့နောက် တောင်သူပညာပေးသင်တန်းကို ဆက်လက်၍ ကျင်းပခဲ့ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမြသိန်းက သီးနှံဖျက်ပိုး ငမြှောင်တောင်(FAW) ကျရောက်နေမှု အခြေအနေများ၊ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့် သီးနှံအဖျက်ပိုး နှိမ်နင်းရေးနည်းလမ်းများကို ပို့ချဆွေးနွေးခဲ့ပြီး တောင်သူ များက သိရှိလိုသည်များ ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြကြောင်း သိရသည်။
                                    


သူရအောင်(ပြန်/ဆက်)

 

1