နမ့်စန်(တ) ၁၁ ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် နိုင်ငံတော်မှထောက်ပံ့ကူညီသော အခြေခံစားသောက်ကုန် ၅ မျိုး ဖြန့်ဝေထောက်ပံ့လှူဒါန်းခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ဧပြီ ၁၀ ရက် ညနေပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး ဧပြီ ၁၁ ရက်တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စု ၁၈၈ စုအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကုလားပဲ ၁ ပိဿာနှင့် ကြက်သွန်နီ ၁ ပိဿာတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဧပြီ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နမ့်စန်မြို့နယ်အတွင်းရှိ ဝေးလံသော ကျေးရွာအုပ်စုများအတွက် အခြေခံစားသောက်ကုန် ၅ မျိုးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ထုတ်ပိုးပြင်ဆင်၍ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များထံ စနစ်တကျ လွှဲပြောင်းထုတ်ပေးခြင်း၊ နမ့်စန်မြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် လိုက်လံဖြန့်ဝေလှူဒါန်း​ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

နမ့်စန်မြို့နယ်တွင် ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၂၀ စုတို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၃၁၈၅ စုရှိပြီး ဧပြီ ၁၁ ရက်နေ့အထိ အိမ်ထောင်စု ၁၂၉၃ စု ထောက်ပံ့ပေးအပ်ပြီးဖြစ်ကာ ကျန်ရှိသော အိမ်ထောင်စုများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ဆက်လက်ဖြန့်ဝေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီထံမှ သိရသည်။

 

သူရအောင် (ပြန်/ဆက်)