နမ့်စန်(တ) ၃၀ ဇွန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် Cash For Work စီမံကိန်းကျေးရွာနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (Village Revolving Fund Project)ကျေးရွာ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ ၊ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာမင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့် နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးဝင်း က Cash For Work နှင့် VRFP စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက Cash For Work စီမံကိန်းကျေးရွာ ရွေးချယ်ခြင်း စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကျေးရွာအုပ်စု (၈)အုပ်စုမှ ဝမ်ဟင်၊ နောင်ဝို(နောင်ဘို)၊ လွိုင်စန့်၊ ဝမ်မိုင်နှင့် ပန်ဆာ စုစုပေါင်း ကျေးရွာ ၅ ရွာကို ရွေးချယ်ခဲ့ပြီး VRFP စီမံကိန်း ကျေးရွာ ရွေးချယ်ခြင်း အတွက် ကျေးရွာအုပ်စု (၁၀)အုပ်စုမှ နောင်စန့်၊ ခါနာန်၊ နောင်အိမ်၊ အမှတ်(၁) နှင့် နမ့်ကျိုင်း စုစုပေါင်း ကျေးရွာ (၅)ရွာတို့ကို ရွေးချယ်ခဲ့ကြသည်။
ကိုဗစ်−၁၉ ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးရွာဒေသရှိ ပြည်သူများအား ၄င်းတို့ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၄င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ထောက်ပံ့ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး Cash For Work စီမံကိန်းတွင် ပါဝင်သည့် ကျေးရွာ (၅)ရွာ အား တစ်ရွာလျှင် ကျပ် (၁၀) သန်းစီ နှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)တွင် ပါဝင်သည့် ကျေးရွာ(၅)ရွာအား ကျပ် သန်း(၃၀) နှစ်ရွာ၊ ကျပ်သန်း(၂၀) နှစ်ရွာ၊ ကျပ် (၁၀) သန်း တစ်ရွာ တို့ကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်အားခများအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးဝင်း ထံမှသိရသည်။
သူရအောင်(ပြန်/ဆက်)


