ဝင်းဒေါ့စ်    ဖေဖော်ဝါရီ    ၁၇

နမီးဘီးယားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း  စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မြေယာဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။ နိုင်ငံရှိ ဒေသအချို့တွင် သီးနှံမျိုးစေ့များ ရရှိမှုနည်းပါးခြင်းနှင့် စိုက်ခင်းများအား ကျိုင်းကောင်များ ဖျက်ဆီးမှုကြောင့်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ခေတ္တအမှုဆောင်ညွှန်ကြားရေး မှူး တူဖီလက်ငါတူလာက ပြောကြားသည်။ ယမန်နှစ်အတွင်း နိုင်ငံတောင်ပိုင်းရှိ  ဒေသအချို့တွင် သတ်မှတ်ထားသည့်အချိန်ထက် မိုးစောစီးစွာရွာသွန်းခဲ့ကြောင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုင်ရာ သုံးသပ်ချက်မှတ်တမ်း တစ်ရပ်အရ သိရသည်။

နိုင်ငံအတွင်းရှိ သီးနှံစိုက်ပျိုးသည့်ဒေသများမှ တောင်းခံခဲ့သည့်  သီးနှံမျိုးစေ့အရေအတွက်ထက် လျော့နည်းသည့်ပမာဏကိုသာ   ဖြန့်ဖြူးပေးနိုင်ခဲ့ ကြောင်း  တူဖီလက်ငါတူလာက  ပြောကြားသည်။ နိုင်ငံအတွင်းရှိ ဇမ်ဗီဇီဒေသတွင် စိုက်ခင်းများအတွင်း ကျိုင်းကောင်များ ဝင်ရောက်ဖျက်ဆီးမှုများရှိကြောင်း သိရသည်။ စိုက်ပျိုးရေးဝန်ကြီးဌာနက လက်ရှိအချိန်တွင် သီးနှံခင်းများဆေးဖျန်းခြင်းနှင့် ကျိုင်းကောင်စောင့်ကြည့်ရေးဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများကို စေလွှတ်ခဲ့သည်။  နိုင်ငံလူဦးရေ၏ ငါးပုံတစ်ပုံမှာ  ယခုနှစ် မတ်လအထိ စားရေရိက္ခာမလုံလောက်မှုနှင့်ကြုံတွေ့ရနိုင်ကြောင်း မှတ်တမ်းတစ်ရပ်အရ သိရသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ