ဝင်းဒေါ့ခ်၊ ဖေဖော်ဝါရီ ၅

 

နမီးဘီးယားသမ္မတ ဟိတ်ချ်ဂျီ ဂန်ဂေါ့ဘ် အသက် ၈၂ နှစ်သည် မြို့တော်ဝင်းဒေါ့ခ်ရှိ ဆေးရုံတစ်ခု၌ ကင်ဆာရောဂါ ကုသမှုခံယူစဉ် ဖေဖော်ဝါရီ ၄ ရက် အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သမ္မတရုံးက ကြေညာထားသည်။

နမီးဘီးယားသမ္မတ ဂန်ဂေါ့ဘ် သည် ၂၀၁၅ ခုနှစ် မတ် ၂၁ ရက် မှ စတင်ကာ နမီးဘီးယားနိုင်ငံ၏ တတိယမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် နောက်ထပ် ငါးနှစ်သက်တမ်းအတွက် ပြန်လည် ရွေးကောက်ခံရကြောင်း သိရသည်။ ၎င်းသည် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်အထိနှင့် ၂၀၁၂ ခုနှစ် မှ ၂၀၁၅ ခုနှစ်အတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။ ၎င်းတို့၏ သမ္မတ ပြန်လည်ကျန်းမာလာစေရန် အစွမ်းကုန်ကြိုးစားခဲ့ကြောင်း ၎င်း၏ဆေးဘက်ဆိုင်ရာအဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားသည်။ ဂန်ဂေါ့ဘ်သည် မြို့တော်ဝင်းဒေါ့ခ်ရှိ လေဒီပိုဟမ်ဘာဆေးရုံတွင် ကင်ဆာရောဂါအတွက် ဓာတုကုထုံးကို ကုသမှုခံယူပြီးနောက် စိုးရိမ်ရသော်လည်း တည်ငြိမ်သော အခြေအနေတွင်ရှိကြောင်း ဖေဖော်ဝါရီ ၃ ရက်က နမီးဘီးယား ဒုတိယ သမ္မတ အမ်ဘွမ်ဘာက ပြောကြား သည်။

ဂန်ဂေါ့ဘ်၏ ဆေးဘက်ဆိုင်ရာအဖွဲ့က အသားစတို့ကို ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ကင်ဆာဆဲလ်များကို တွေ့ရှိခဲ့ကြောင်း နမီးဘီးယား သမ္မတက ဇန်နဝါရီ ၁၉ ရက်က ပြောကြားခဲ့သည်။

 

ဆင်ဟွာ