နမ့်ခမ်  ၁၈  ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နှင့် မူဆယ်မြို့အား အပြန်အလှန်ပြေးဆွဲနေသည့် အမြန်ယာဉ်ငယ် လိုင်းများကို ဒေသခံပြည်သူများနှင့် ခရီးသည်များ သွားလာရေး အဆင်ပြေစေရန် အတွက် သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပေးဆွဲခဲ့သော်လည်း စီးနင်းသည့်ခရီးသည် နည်းပါးလျက် ရှိကြောင်း သိရသည်။

 

အခုလက်ရှိအခြေအနေကတော့ အမြန်ယာဉ်လိုင်းဂိတ်တိုင်းမှာ တစ်ရက်ကို ယာဉ်ငယ်သုံးစီး၊ လေးစီးသာ ပြေးဆွဲနိုင် ပါတယ်၊ ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်ပြည်ဘက်မှ အသွားအလာ ပိတ်လိုက်တဲ့အတွက် ခရီးသည်နည်းပါးနေသလို ခရီးသည်အများစုက ယခုချိန်ခရီးသိပ်မသွားဖြစ်ကြဘူး၊ အရေးကြီးကိစ္စရှိသူတွေ တစ်ချို့သာ သွားလာနေတာ တွေ့ရတယ်၊ နမ့်ခမ်း-မူဆယ်ကို ပြေးဆွဲနေတဲ့ ယာဉ်ငယ်တွေအပေါ်မှာမှီခိုပြီး မိသားစုဝင်ငွေရှာဖွေနေတဲ့ ယာဉ်မောင်း မိသားစုတစ်ချို့တော့ အခက်အခဲဖြစ်နေပါတယ် ဟု နမ့်ခမ်းမြို့ တိမ်ဖြူစတားကားဂိတ်မှူးက ပြောသည်။

 

မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်အတွက် နမ့်ခမ်း-မူဆယ် အမြန်ယာဉ်ငယ်လိုင်းများကို ဧပြီလကုန်ပိုင်းမှ ယာယီရပ်ဆိုင်းထားပြီး ဇွန် ၁ ရက်မှစတင်၍ အမြန်ယာဉ်ငယ်လိုင်းများကို ပြန်လည်ပြေးဆွဲသော်လည်း ခရီးသည်နည်းပါးနေကြောင်း ယာဉ်လိုင်း ဂိတ်မှူးများနှင့် ယာဉ်မောင်းများထံမှ သိရသည်။

 

အဆိုပါ ယာဉ်ငယ်လိုင်းများကို ဇွန် ၁ ရက်မှစတင်၍ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 

ဆိုင်ထွန်း(ပြန်/ဆက်)