နမ့်ခမ်း ၅ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့ နောင်ခန်ကျေးရွာမှ တောင်သူ ဦးစိုင်းမောင်အေး၏ လယ်ယာ တွင် စိုက်ပျိုးထားသည့် မိုးစပါးစံကွက်ကို ယနေ့ နံနက် ၈ နာရီခန့်က စတင်ရိတ်သိမ်းပြီး ချိန်တွယ်ခဲ့ရာ (၁)ဧကလျှင် စပါးအစို(၁၃၇ ဒသမ ၆၃)တင်း ထွက်ရှိကြောင်း သိရသည်။
“မြို့နယ်ရှိ မိုးစပါးစံကွက်တွေမှာ စပါးအထွက်တိုး (UD16)မျိုးကို စိုက်ပျိုးထားပြီး အခြားစပါးမျိုးထက် အောင်မြင်ဖြစ်ထွန်းပါတယ်၊ ယခု စံကွက်ရိတ်သိမ်းပြီး စပါးအစို(၁)ဧကမှာ (၁၃၇ ဒသမ ၆၃) တင်း ထွက်တယ်။ စပါးအခြောက်(၁၂၃ ဒသမ ၈၇)တင်းနဲ့ ညီမျှပါတယ်” ဟု မူဆယ်ခရိုင်၊ လယ်ယာမြေ စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးဆွေက ပြောကြားသည်။
ဆက်လက်ပြီး နမ့်ခမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက “မျိုးစပါး ကောင်းရမယ်။ လယ်သမားတွေ လုံ့လဝိရိယကောင်းရမယ်၊ စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်တဲ့ နည်းပညာ၊ သွင်းအားစု ပံ့ပိုးပေးနိုင်ခြင်းတို့ကြောင့် စပါးအထွက်တိုးကောင်းခြင်းဖြစ်တယ်”ဟု ရှင်းပြ သည်။
မိုးစပါးစံကွက် ရိတ်သိမ်းချိန်တွယ်ရာတွင် မူဆယ်ခရိုင်၊ လယ်ယာမြေစာရင်းအင်းဦးစီးဌာနမှ ခရိုင် မြေစာရင်းဦးစီးမှူး၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများနှင့် နောင်ခန်ကျေးရွာမှ ရွာသူရွာသားများ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(ပြန်/ဆက်)


