နမ့်ခမ်းမြို့၌ ဖယောင်းတိုင်မီးလဲကျရာမှ စတင်ကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်း

နမ့်ခမ်း ၂၂ မေ


မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊အမှတ်(၈) ရပ်ကွက်၊ ပေါက်နေရပ်တွင် နေထိုင်သူ ဦးစိုင်းအိုက်ပီး(ခ) စိုင်းဇော်ဇော်လတ်၏ နေအိမ်တွင် ယနေ့ နံနက်(၄) နာရီက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။ 


ဖြစ်စဉ်မှာ ဦးစိုင်းအိုက်ပီးသည် လျှပ်စစ်မီးပျက်နေသဖြင့် ဖယောင်းတိုင်မီးကို အသုံးပြုစဉ် ဖယောင်းတိုင် လဲကျသွား၍ အနီးရှိ ခမောက်ပြုလုပ်ရန် အသုံးပြုသော ဝါးရွက်ပေါ်သို့ လဲကျသွားရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရှိရပါသည်။ မီးလောင်မှုကြောင့် သွပ်မိုးအုတ်ကာ နှစ်ထပ် သုံးခန်းတွဲ အဆောက်အဦးတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။


မီးစတင်လောင်ကျွမ်းပြီးနောက် နမ့်ခမ်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသန့် ဦးဆောင်သော အရန်မီးသတ်တပ်ဖွဲ့(၆၀)နှင့် မီးသတ်ယာဉ်(၅) စီးတို့မှ လာရောက်ကူညီငြိမ်းသတ်ခဲ့ရာ နံနက်(၅) နာရီ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။ မီးလောင်မှုကြောင့် အနီးအနားရှိ လူနေအိမ်သို့ ကူးဆက်လောင်ကျွမ်းမှု မရှိ၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။ 


ဖယောင်းတိုင်မီးကို ပေါ့ဆစွာအသုံးပြုသဖြင့် မီးလောင်မှုဖြစ်စေသော ဦးစိုင်းအိုက်က မီးလောင်နေစဉ်တွင် ထွက်ပြေးတိမ်းရှောင်ပြီး ၎င်းအား နမ့်ခမ်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


ဆိုင်ထွန်း (နမ့်ခမ်း)