နေပြည်တော်၊ ၂၅ ဒီဇင်ဘာ
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ တင်းနစ်ကွင်းအတွင်း၌ ကစားကွင်း တာဝန်ခံ ဒေါ်စုစန္ဒာလွင် ဦးဆောင်သည့်အဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ရေနုတ်မြောင်းတူးဖော်နေစဉ် ဗုံးသီးဟောင်းများတွေ့ရှိခဲ့သည်။
အဆိုပါနေရာသို့ နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ အလျား(၁၆) လက်မခန့်၊ လုံးပတ်(၈)လက်မခန့်ရှိ ဗုံးသီးဟောင်း ၆ လုံး(သံချေးတက်)အား စစ်ဆေးတွေ့ရှိခဲ့သော ကြောင့် အဆိုပါ ဗုံးသီးဟောင်းများအား နယ်မြေခံတပ်မှ လွယ်ဆန်ကျေးရွာအနီး တောအတွင်း၌ မြေကျင်းတူး၍ မြှုပ်နှံဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


