နမ့်ခမ်း မတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာများ သန့်ရှင်းသာယာလှပရေးအတွက် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို ကျေးရွာသုံးရွာ၌ မတ် ၁၈ ရက်က ကိုဗစ်-၁၉ ကိုညွှန်ကြားချက်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်မိုးက ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ပေးခြင်းသည် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်လာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်စေမှု အလားအလားများကို လျှော့ချပေးနိုင်စေခြင်း၊ စွန့်ပစ်အမှိုက်များကြောင့် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများ လျော့နည်းသွားစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာစေ ရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထိုနောက် နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မန့်ဟောင်း၊ နမ့်တီးနှင့် ကုန်းဆာကျေးရွာသုံးရွာရှိ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ကျေးရွာတွင်း လမ်းများရှိ အမှိုက်များ စုပေါင်းကောက်ယူခြင်း၊ ချုံများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စွန့်ပစ်အမှိုက်များအား သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်း၊ လိုအပ်သောအမှိုက်ပုံးများကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်မိုးက ပြောပြခဲ့သည်။
စိုးမိုးကျော်


