မူဆယ် ၁၆ ဩဂုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် နမ့်ခမ်းမြို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက သစ္စာစီမံချက်ဖြင့် နိုင်ငံသားကွင်းဆင်းစီမံချက်လုပ်ငန်းကို နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာ၊ မန်းပူးကျေးရွာနှင့် အနီးအနားရှိကျေးရွာများမှ လူဦးရေစုစုပေါင်း ၄၁၅၆ ဦးအတွက် ဩဂုတ် ၁၃ ရက်မှ စတင်ပြီး  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်လျက်ရှိသည်။

 

ယခုကွင်းဆင်းစိစစ်မှုတွေ ဆောင်ရွက်နေတဲ့ ကျေးရွာတွေဟာဆိုရင် နမ့်ခမ်းမြို့ကနေ (၃၄) မိုင်ကွာဝေးပြီး သွားလာရန် အင်မတန်ခက်ခဲပါတယ်၊ ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မြို့ပေါ်ကို လာရောက်ပြီး စိစစ်မှုတွေ ဆောင်ရွက်မယ်ဆိုရင် သူတို့အတွက် အချိန်ကြန့်ကြာမှုတွေဖြစ်မယ်၊ ခရီးစရိတ်တွေလည်း ကုန်မှာဖြစ်တဲ့အတွက် ခုလိုကျွန်တော်တို့ ဌာနအနေနဲ့  ဝေးလံတဲ့နယ်မြေ ဒေသအရောက် သွာရောက်ပြီး ကွင်းဆင်း စိစစ်ဆောင်ရွက်ပေးခြင်းအားဖြင့် တစ်နေရာတည်းမှာပဲ တစ်စုတစ်စည်းနဲ့ လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါတယ်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

အဆိုပါ သစ္စာစီမံချက်ဖြင့် နိုင်ငံသားကွင်းဆင်း စီမံချက်လုပ်ငန်းကို နမ့်ခမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိဦးစန်းလွင်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် OSS အဖွဲ့ဝင်တို့ ပူးပေါင်း၍ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်သည်။

 

ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သည့်အပြင်  ရွေးကောက်ပွဲအတွက် မဲစာရင်းများကို နယ်မြေဒေသအရောက် စိစစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)