နမ့်ခမ်း ၂၈ မတ်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ ရွှေလီကူး ကူးတို့ဆိပ်ဖြစ်သော မန့်ဟောင်းကူးတို့ဆိပ်နှင့် နောင်တိန်းကူးတို့ဆိပ်တို့၌ (Covid-19) ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ အသုံးပြုသည့် ကုန်တင်ယာဉ်များ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များတို့ကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာ၍ စောင့်ကြပ်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိသည်။
နမ့်ခမ်းမြို့နယ် ကျန်းမားရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာဈေးရှိ ဈေးတွင်းမှ ဈေးဆိုင်ခန်းများ၊ ဈေးပလက် ဖောင်းများနှင့် ဈေးအပြင်မှ ပျံကျဈေးတန်းများ၌ ယမန်နေ့ နံနက်ပိုင်းတွင် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့သည်။
နမ့်ခမ်းမြို့ရှိ တိုင်းရင်းသားညီနောင်များဖောင်ဒေးရှင်းနှင့် လူမှုကူညီရေးအသင်းတို့မှ လည်း အများပြည်သူတို့အား အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီး ကာကွယ်ရန် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
နမ့်ခမ်းမြို့နယ်တွင် (Covid-19)ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရန် မြို့နယ်ဌာန ဆိုင်ရာများနှင့် လူမှုရေးကူညီမှု အသင်းများက ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
ဆိုင်ထွန်း(နမ့်ခမ်း ပြန်/ဆက်)


