နမ့်ခမ်း ၁၅ ဇွန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ဖွင့်လှစ်ရောင်းချသည့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ မရှိစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီတို့ပူးပေါင်း၍ နမ့်ခမ်းမြို့အတွင်း လက်ဖက်ရည် ဆိုင်နှင့် စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို စစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ဆိုင်များအား ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ပြီးစီးမှသာ ပြန်လည်ဖွင့်လှစ်ရောင်းချသွားရန် စစ်ဆေးရေး အဖွဲ့မှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးမှုကို နမ့်ခမ်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များကို စစ်ဆေးနိုင်ခဲ့ပြီး ကျန်ရှိနေသော အိမ်ဆိုင်များကိုလည်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်းပြန်/ဆက်)


