မောင်မိုးသူ

 

သူငယ်ချင်း တက္ကသိုလ်ကိုကိုလေးဟာ မန်းတက္ကသိုလ် ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ပြီး “လွမ်း” ဇာတ်ကားကို ပထမဆုံးဇာတ်ကားအဖြစ် ရိုက်ကူးပါတယ်။ အဲဒီကားမှာ မောင်မောင်တာနဲ့ မသက်ပန်တို့ ပါဝင်ကြပြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇာတ်ညွှန်းဖြစ်ပါတယ်။ သူငယ်ချင်း ကိုကိုလေးရဲ့ ဒုတိယဇာတ်ကားကတော့ ဗိုလ်ကြီးမမ ဇာတ်ကားဖြစ်ပါတယ်။ ဗိုလ်ကြီးမမဇာတ်ကားမှာ မင်းသား ဝင်းညွန့်၊ မင်းသမီး ဖျာပုံမယ် တင်တင်အေးနဲ့ မသက်ပန်တို့ ပါဝင်ကြပါတယ်။

 

အဲဒီဇာတ်ကား ရိုက်ကူးနေစဉ်အတွင်း မိုးဦးပန်း စာအုပ်ထုတ်ဝေဖို့ မောင်မိုးသူ ရန်ကုန်ရောက်နေခိုက်နဲ့ ကြုံကြိုက်တဲ့အခါများမှာ မောင်မိုးသူ ဝင်ရိုက်ခဲ့ဖူးပါတယ်။ တကယ်တမ်း အဲဒီဇာတ်ကား ထွက်လာတော့ဇာတ်ညွှန်းနဲ့ တွဲဖက်ဒါရိုက်တာ မောင်မိုးသူဆိုပြီး စာတန်းထိုးတာ ပါလာပါတယ်။ ရုပ်ရှင်လောကထဲကို ကိုယ်တိုင်ဘာမှမလုပ်ရဘဲနဲ့ သူငယ်ချင်းကိုကိုလေးက နာမည်ထည့်ပေးလို့ ဇာတ်ညွှန်းနဲ့ တွဲဖက်ဒါရိုက်တာ မောင်မိုးသူဆိုပြီး စတင်ပါဝင်လာတာ ဖြစ်ပါတယ်။

 

အဲဒီနောက်မှာ တတိယကားအဖြစ် ရေပွက်ပမာ ဇာတ်ကားရိုက်ကူးခဲ့ပါတယ်။ စတုတ္ထ ဇာတ်ကားကတော့ ရန်ကုန်သားနှင့် မန္တလေးသူဇာတ်ကားပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ရုပ်ရှင်ရုံးခန်းဟာ ကုန်ဈေးတန်း အောက်လမ်းမှာ ရှိပြီး အဲဒီရုပ်ရှင်ရုံးခန်းမှာ မောင်မိုးသူနေပါတယ်။ အိပ်ပါတယ်။ ကိုကိုလေးနဲ့ မသက်ပန်တို့လည်း ကုန်ဈေးတန်းလမ်းမှာပဲ နေကြပါတယ်။

 

ကိုကိုလေးနဲ့ မောင်မိုးသူတို့ နှစ်ယောက်ဟာ ညနေတိုင်း အေအိုင်ဆိုတဲ့ ဗိသုကာရုံးခန်းကို အမြဲသွားကြ ပါတယ်။ အဲဒီမှာ လူစုံတာပေါ့။ အဲဒီရုံးခန်းမှာ ပန်းချီပေါ်ဦးသက်လည်း အိပ်ပါတယ်။ အဲဒီအချိန်မှာ ပါကစ္စတန် ဒယ်ကာမြို့မှာ ဗိသုကာလုပ်နေတဲ့ ဗိသုကာခင်မောင်ရင်ဟာ ဒါရိုက်တာ ဆာတရာဂျစ်ရေးရိုက်တဲ့ အပူးဇာတ်လမ်း သုံးကားတွဲကို ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က အိန္ဒိယ ရုပ်ရှင်ဆိုတာ အဆိုအကများနဲ့ အချစ်အိမ်ထောင်ရေး ဖျော်ဖြေရေးဇာတ်ကားများ အများဆုံး ရိုက်ကူးနေတဲ့ကြားက ဆာတရာဂျစ်ရေးရဲ့ ဇာတ်ကားဟာ သဘာဝ ဇာတ်ကားဖြစ်လေတော့ အိန္ဒိယရုပ်ရှင်လောကမှာ ဝင်ငွေကောင်းခြင်း၊ အောင်မြင်ခြင်းမရှိခဲ့ပေမယ့် ကမ္ဘာ့ ရုပ်ရှင်လောကမှာတော့ ဆာတရာဂျစ်ရေးရဲ့ ဇာတ်ကားများဟာ ထင်ရှားခဲ့ပါတယ်။ ။

 

ကမ္ဘာ့ရုပ်ရှင်လောကမှာ အိန္ဒိယမှဒါရိုက်တာဖြစ်တဲ့ ဆာတရာဂျစ်ရေးနဲ့ ဂျပန်ဒါရိုက်တာ ဆာကူယိုဆားဝါး တို့ဟာ ကမ္ဘာ့ရုပ်ရှင်နယ်ပယ်မှာ ထင်ရှားအောင်မြင်မှုရခဲ့တဲ့ ဒါရိုက်တာ နှစ်ဦးဖြစ်ပါတယ်။ အဲဒီဆာတရာဂျစ်ရေးရဲ့ ဇာတ်ကားကိုကြည့်ပြီး ခင်မောင်ရင်ရန်ကုန်ပြန်လာပါတယ်။ ရန်ကုန်ပြန်လာပြီး (၂၄) လမ်းက အေအိုင်ရုံးခန်းမှာ ပေါ်ဦးသက်နဲ့အတူ နေကြပါတယ်။ အဲဒီအချိန်မှာ မောင်မိုးသူတို့ရဲ့ ရေပွက်ပမာ ဇာတ်ကားကရုံတင်ပြီး ဝင်ငွေတွေအများကြီးရတဲ့ အချိန်ဖြစ်ပါတယ်။ ။

 

အဲဒီအချိန်မှာ ခင်မောင်ရင်က ဒီလိုအပေါစားရုပ်ရှင် ကားမရိုက်ဘဲ အကောင်းစား ရုပ်ရှင်ဇာတ်ကားရိုက်မယ် ဆိုပြီးတော့ သူ့ရဲ့နာမည်ကြီး နှမလက်လျှော့နေလေတော့ ဇာတ်ကားကို မန်းတက္ကသိုလ်ရုပ်ရှင်ရဲ့ တတိယမြောက် ဇာတ်ကားအဖြစ် ရိုက်ကူးပါတယ်။ တကယ်တော့ ခင်မောင်ရင်ရဲ့ နှမလက်လျှော့နေလေတော့ ဇာတ်ကားဟာ ဆာတရာဂျစ်ရေးရဲ့ အပူးဇာတ်လမ်းတွဲ သုံးကားထဲက တစ်ကားကို ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ နှမလက်လျှော့နေလေတော့ ဇာတ်ကားကို ခင်မောင်ရင်က ကမ္ဘာကျော်ဆာတကျစ်ရေးရဲ့ ရိုက်ချက်တွေ အလွန်နှေးကွေး လှပတဲ့ ရိုက်ချက်တွေနဲ့ ရိုက်ကူးထားပါတယ်။

 

နှမလက်လျှော့နေလေတော့ အဖွင့်ပြကွက်ဟာ နှင်းမှုန်တွေကြားထဲက တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ပဲပြုတ်တောင်းကို ခေါင်းရွက်လာတဲ့ ပဲပြုတ်သည် လာနေတာကို အလွန်လှပနှေးကွေးစွာ ရိုက်ပြထားပါတယ်။ တက္ကသိုလ်ရိပ်သာ လမ်းကနေပြီးတော့ လှည်းတန်းနေအိမ်အထိ အလွန်လှပနှေးကွေးစွာ ပဲပြုတ်သည်လာနေတာကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်များ သည်းညည်းမခံနိုင်လောက်အောင် ကြာညောင်းတဲ့ရိုက်ချက် ဖြစ်ပါတယ်။

 

ခင်မောင်ရင်က နှမလက်လျှော့နေလေတော့ ဇာတ်ကားမှာ မောင်သိန်းတန် (ဂျာနယ်ကျော်မမလေးရဲ့ သား)နဲ့ မင်းသမီးငယ်နှစ်လက်တို့ ပါဝင်ရိုက်ကူးဖြစ်ပါတယ်။ မင်းသမီးတွေရဲ့ နာမည်ကိုတော့ မောင်မိုးသူ မမှတ်မိတော့ပါဘူး။ ခင်မောင်ရင် ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးတာ ဖြစ်လေတော့ ခင်မောင်ရင်ရဲ့ အနုပညာကိုလေးစားတဲ့ ညွန့်မြန်မာရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဦးနေဝင်းက ညွန့်မြန်မာ ရုပ်ရှင်စက်ကို အခမဲ့ငှားရမ်းရိုက်ကူးပေးစေပါတယ်။ အဲဒီဇာတ်ကားရဲ့ နောက်ခံစန္ဒရားတီးလုံးများကို စန္ဒရား သိန်းမောင်က တီးခတ်ပေးထားပါတယ်။

 

အခန်းတစ်ခန်းရဲ့ ဇာတ်ဝင်သီချင်းတစ်ပုဒ်ကိုတော့ ဝင်းဖေကသီဆိုပေးခဲ့ပါတယ်။ နှမလက်လျှော့ နေလေတော့ ဇာတ်ကားဟာ ခင်မောင်ရင်စိတ်တိုင်းကျရိုက်ကူးတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ အနုပညာနယ်ပယ်မှာ အလွန်ထင်ရှားတဲ့ဇာတ်ကားတစ်ကားဖြစ်ပေမယ့် ရန်ကုန်မြို့မှာ ရုံတင်စဉ်က တစ်ပတ်ပဲ ပြသလိုက်ရပြီး လူတွေ မကြိုက်တဲ့၊ သဘောမကျတဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။

 

နှမလက်လျှော့ဇာတ်ကားဟာဇာတ်ကားရဲ့ အစမ်းပြပွဲ ကို မြေနီကုန်းက ရတနာပုံရုပ်ရှင်ရုံမှာ ညပွဲအပြီး ၁၂ နာရီကျော်မှ ပြသပါတယ်။ အဲဒီဇာတ်ကားကို မောင်သိန်းတန်ရဲ့ မိခင် ဂျာနယ်ကျော် မမလေးကိုယ်တိုင်လည်း လာကြည့်ပါတယ်။ မောင်မိုးသူတို့ သူငယ်ချင်းတစ်သိုက်လည်း ကြည့်ကြရတာပေါ့။ ခင်မောင်ရင်က ဂျစ်ကားတစ်စီးငှားထားပြီး ဂျာနယ်ကျော်မမလေးတို့မိသားစုနဲ့ မောင်သိန်းတန်တို့ကို သူတို့အိမ်ကို ပြန်ပို့တဲ့အခါမှာ အတူကြည့်ကြရတဲ့ကိုဘိုကြီး၊ ဇော်ဇော်အောင်၊ ပေါ်ဦးသက်၊ ခင်မောင်ရင်၊ မောင်မိုးသူတို့ သူငယ်ချင်းတစ်သိုက်ဟာ နံနက် ၃ နာရီအချိန်မှာ မြေနီကုန်းရတနာပုံရုပ်ရှင်ရုံမှ (၂၄)လမ်း အေအိုင်ရုံးခန်းကို ခြေကျင်လျှောက်ပြီး ပြန်ခဲ့ရတာတွေက အမှတ်တရပါပဲ။

 

ခင်မောင်ရင်ရဲ့ နှမလက်လျှော့ဇာတ်ကားကို ညွန့်မြန်မာရုပ်ရှင်ရဲ့ ဗိုလ်ချုပ်လမ်းမက သွင်ရုပ်ရှင်ရုံမှာ ပြသပါတယ်။ တစ်ပတ်ပဲ ပြသခဲ့ရတဲ့ကားပဲ ဖြစ်ပါတယ်။ ဇာတ်ကားရုံတင်ပြသချိန်တွင် ခင်မောင်ရင်နဲ့မောင်မိုးသူ တို့ ရုံရှေ့မှာရှိနေကြပါတယ်။ အဲဒီရုပ်ရှင်ရုံဝင်ခ ဈေးနှုန်းများမှာ သုံးမတ်တန်း၊ တစ်ကျပ်ခွဲတန်း၊ နှစ်ကျပ်ခွဲတန်း၊ stall နဲ့ အပေါ်ထပ်ဒီစီ သုံးကျပ်ခွဲတန်းတို့ ဖြစ်ပါတယ်။

 

ဇာတ်ကားထဲက မင်းသားက မောင်သိန်းတန် ဖြစ်ပေမယ့် တွံတေးသိန်းတန်နဲ့ အမည်တူဖြစ်လို့ တွံတေး သိန်းတန်ကား ဖြစ်လေမလားဆိုပြီး လာရောက်ကြည့်ရှုကြတဲ့ ပရိသတ်များလည်းရှိတယ်ခင်ဗျ။ ခင်မောင်ရင်ရဲ့ အနုပညာမြောက်တဲ့ ဇာတ်ကားအဖြစ် လာရောက်ကြည့်ရှုကြတဲ့ နှစ်ကျပ်ခွဲတန်းနှင့် သုံးကျပ်ခွဲတန်းက လူတချို့က ပြဿနာမရှိပေမယ့် တစ်ကျပ်ခွဲတန်း၊ သုံးမတ်တန်းက ပရိသတ်တွေက မကျေမချမ်းနဲ့ သောင်းကျန်းကြပါတယ်။ အဲဒါနဲ့ ရုံရှေ့မှာရှိတဲ့ ခင်မောင်ရင်က မောင်မိုးသူကို အဲဒီ နှစ်တန်းပိတ်လို့ မရဘူးလားလို့ပြောပါတယ်။ မောင်မိုးသူက ရယ်ကျဲကျဲနဲ့ရပါတယ်၊ အဲဒီတစ်ကျပ်ခွဲတန်းနဲ့ သုံးမတ်တန်းက လက်မှတ်တွေကို ငါတို့အားလုံးဝယ်ပြီးတော့ ပိတ်လို့ရတာပေါ့ဆိုတော့ ခင်မောင်ရင်ကဘာမှမပြောဘဲ ငြိမ်သွားပါတော့တယ်။

 

နှမလက်လျှော့နေလေတော့ ဇာတ်ကားဟာ  ခင်မောင်ရင်ရဲ့ အနုပညာမြောက်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ထင်ရှားကျော်ကြားခဲ့သလို ကြည့်ဖူးသူ သိပ်မရှိကြပါ။ အဲဒီ နှမလက်လျှော့ ဇာတ်ကားထုပ်ကိုလည်း မန္တလေးမှာပြသဖို့ဆိုပြီးတော့ ပန်းချီဝင်းဖေရဲ့ ရုံတော်ကြီးက တိုက်ခန်းတစ်ခန်းထဲမှာ ထားရှိခဲ့ပေမယ့် မန္တလေးတွင်လည်း မပြဖြစ်ပါ။ နောက် အဲဒီကားထုပ်ကိုလည်း ရှာမတွေ့တော့ပါ။ အဲဒီကားထုပ်ကြည့်ဖူးချင်ကြသူများ လိုက်လံရှာဖွေကြသော်လည်း ယခုအချိန်အထိ မတွေ့ ရှိတော့ပါ။ ဘယ်ရောက်သွားပြီလဲ မသိတော့ပါ။ ။

 

ခင်မောင်ရင်က မောင်သိန်းတန်နဲ့ နှမလက်လျှော့ နေလေတော့ဇာတ်ကားကို ရိုက်ကူးတယ်ဆိုတော့ သူငယ်ချင်းဖြစ်တဲ့ ဇော်ဇော်အောင်က ဟိတ်ကောင် နှမလက်လျှော့နေလေတော့ဆိုတာ တွံတေးသိန်းတန်ရဲ့ အလွန်အောင်မြင်တဲ့သီချင်းကွ။ မင်းကားရဲ့ မင်းသားက မောင်သိန်းတန်ဆိုတော့ ခွကျမနေဘူးလားလို့ ပြောပါတယ်၊ ခင်မောင်ရင်က ထုံးစံအတိုင်း နှုတ်ခမ်းစူပြီးတော့  နှမလက်လျှော့နေလေတော့ဆိုတာ ရှင်မဟာရဋ္ဌသာရရဲ့ ကဗျာဆိုပြီး ပြန်ပြောပါတယ်။ ။

 

ကြေးမုံ