နေပြည်တော် ဖေဖော်ဝါရီ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ်၊ ဝါးတိုးရပ်ကွက်ကြီးအနီး နှစ်(၇၀၀)ကျော် သက်တမ်းရှိ ကျီးနီကန်၏ ဝင်ရေစုဆောင်း သိုလှောင်ထားရှိမှုနှင့် ဒေသစိုက်ပျိုးရေ အကျိုးပြုမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာရရှိ ရေး၊ မိုးစပါး၊ နွေစပါး စိုက်ပျိုးရေ အလုံအလောက်ရရှိစေရန်နှင့် ဒေသတွင်း စိမ်းလန်းစိုပြည်စေရန်အတွက် ရေစီမံခန့်ခွဲမှု လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
အလားတူ ရမည်းသင်းမြို့နယ်၊ ရွှေဒါးရှေ့တန်းစခန်းရှိ ဆင်းရွှေကြာ(၂) မျိုးရွေးချယ်မြှင့်တင်ရေး မျိုးစေ့ထုတ်စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသအတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် မျိုးစေ့ဖူလုံစေရေး၊ တောင်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်သော မျိုးရွေးချယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ချောင်းမကြီးမျိုးသန့်ခြံ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆောင်ရွက်သည့် “နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်း” သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံတွင် နှစ်စဉ် မြေပဲဧက (၃)သန်းခန့်၊ နှမ်းသီးနှံဧက (၄)သန်းခန့်၊ နေကြာဧက (၁)သန်းကျော်၊ ဆီမုန်ညင်းဧက (၁)သိန်းကျော်နှင့် ပန်းနှမ်းဧက (၃)သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ တွက်ချက်မှုများအရ တစ်နှစ်လျှင် လူတစ်ဦး စားသုံးဆီ (၆)ပိဿာ စားသုံးပါက ပြည်တွင်းထုတ်လုပ်မှုဖြင့် လုံလောက်နိုင်သော်လည်း လက်ရှိတွင် စားသုံးမှုလိုအပ်ချက်များအရ ပြည်ပမှ နှစ်စဉ် စားအုန်းဆီတန်ချိန် များစွာ ဝယ်ယူတင်သွင်း အသုံးပြုနေရသည် တွေ့ရှိ ရပါကြောင်း။
ရာသီ ဆီထွက်သီးနှံတွင် အများဆုံးစိုက်ပျိုးလျက်ရှိသည့် နှမ်းသီးနှံတစ်ဧက စိုက်ပျိုးရန် မျိုးစေ့ပမာဏ (၂)ပြည်သာ အသုံးပြုရသဖြင့် မျိုးစေ့လိုအပ်ချက်အနည်းဆုံး ဖြစ်သည့်အပြင် ဆီပါဝင်မှု (၅၄ ရာခိုင်နှုန်း)နှင့် ဆီထွက်ရှိမှု အများဆုံးသီးနှံဖြစ်ပြီး ပြည်ပ ဈေးကွက်လည်းရှိသဖြင့် ဆီထွက်သီးနှံများတွင် စိုက်ပျိုးရန် အသင့်တော်ဆုံး သီးနှံတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေးအတွက် နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သင်တန်းအတွေ့အကြုံများနှင့် လေ့လာသိရှိချက်များကို မိမိတို့ဒေသရှိအခြား မိတ်ဆွေတောင်သူများအား လက်ဆင့်ကမ်းမျှဝေပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်ရေးစီမံကိန်း”နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသားတောင်သူများအား ဆင်းရတနာ-၁၄ နှမ်းမျိုး RS အဆင့် မျိုးစေ့နှင့် လေလုံပိတ်မျိုးစေ့ သိုလှောင်အိတ်များကို ပေးအပ်ရာ သင်တန်းသား ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ယနေ့ဖွင့်လှစ်သည့် နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း သင်တန်းတွင် နှမ်းသီးနှံအများဆုံး စိုက်ပျိုးကြသည့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများရှိ မြို့နယ်(၉)မြို့နယ်မှ ဝန်ထမ်း(၁၅)ဦး၊ တောင်သူ(၅၀)တို့ကို နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်း နည်းပညာများကို ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အထိ (၃)ရက်ကြာ ပို့ချဆွေးနွေးပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ မျိုးစေ့ဘဏ်နှင့် မျိုးစေ့ထုတ် သုတေသနစိုက်ကွင်းများအား လက်တွေ့လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်ရေးစီမံကိန်း၏ လုပ်ငန်းစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၀)မြို့နယ်နှင့် မျိုးသန့်ခြံ(၂)ခြံတွင် နှမ်းသီးနှံဆိုင်ရာ သုတေသန စမ်းသပ်ကွက်များကို (၃)ရာသီဆောင်ရွက်ခဲ့ပြီး၊ တောင်သူ ကွင်းသရုပ်ပြပွဲများအဖြစ် ကျောက်ဆည်မြို့နယ်တွင်နှင့် ချောင်းမကြီးခြံတို့တွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်