နမ္မတူ ၁၃ နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှနမ္မတူမြို့နယ် ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ ကလေးငယ်များအား ပုံပြင်ပြောခြင်းနှင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို နိုဝင်ဘာလ (၁၂)ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ (IDP) စခန်း ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပုံပြင်ပြောခြင်းနှင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို (IDP) စခန်းရှိ တိုက်ပွဲရှောင် ပြည်သူ ကလေးငယ်များအား အားလပ်သည့်အချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် စာအုပ်ထဲတွင်ပါရှိသည့် အသိပညာဗဟုသုတများကိုရရှိကာ စဉ်းစားတွေးတောတတ်စေရေး ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ချစ်ချစ်ပိုင်က ဇာတ်လမ်း ကျော်မြင့် (မြောင်းမြ)နှင့် သရုပ်ဖော် ဝင်းဖေ (အဖျောက်)၏ ပလတ်စတစ်အိတ်ကလေး၏ခရီးစဉ် စာအုပ်ဖြင့် ပုံပြင်ပြောဆောင်ရွက်ပေးခဲ့ပြီး စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက် ပေးခဲ့သည်။

 

ထို့အပြင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပုံပြင်ပြေခြင်းနှင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ကဏ္ဍများကို မကြာခဏသွားရောက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရှိရပါသည်။

 

လူမော် (ပြန်/ဆက်)