နမ္မတူ၊ ၁၈ ဒီဇင်ဘာ
နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club)အဖွဲ့တို့ ပူးပေါင်း၍ Online စနစ်ဖြင့် အများပြည်သူ အသိပညာပေး စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူး (Talk Show)ကို ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက မိမိတို့ဌာနအနေဖြင့် အသိပညာပေး အစီအစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို ကိုဗစ် ကာလမှာလူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီးမှ Online ကတစ်ဆင့် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို သိရှိစေရန် ရည်ရွယ်၍ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (Woman Club)အဖွဲ့ ဥက္ကဌ ဒေါ်စမ်းသွင်က သုတ/ရသစာပေများ ဖတ်ရှုခြင်းဖြင့် ပညာပြည့်ဝနှလုံးလှပြီး ဘဝလမ်းကြောင်းလေး လှပစေကြောင်း စသည်ဖြင့် စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူ အသိပညာပေး စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး (Talk Show) ကို “နမ္မတူမြို့နယ် ပြည်သူ့စာကြည့်တိုက်” Page နှင့် “IPRD Namtu” Page တို့တွင် အများပြည်သူ အသိပညာပေး ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရှိရသည်။
လူမော် (ပြန်/ဆက်)


