နမ္မတူ စက်တင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‌ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နမ္မတူမြို့နယ်အတွင်းရှိ‌ ကျေးရွာ(၁၇)ရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား မတ်လ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နမ္မတူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ‌သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆန်ခါကျေးရွာ၊ ပန်သပြေကျေးရွာ၊ နမ့်ပါလေကျေးရွာ၊ နမ့်ကန်ကျေးရွာ၊ နမ့်ခွန်ကျေးရွာ၊ နမ့်ယန်းကျေးရွာနှင့် မိုင်းရင်ကျေးရွာစသည့် ကျေးရွာ (၇)တွင် ‌ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး မန်စံကျေးရွာ၊ မန်ဟောင်ကျေးရွာ၊ ပန်ဆော့ကျေးရွာ၊ နမ့်ယီမူကျေးရွာ၊ မန်ရန်းကျေးရွာ၊ ပိန်းလောင်းကျေးရွာ၊ ပန်လုံကျေးရွာနှင့် ဟိုက်တောင်ကျေးရွာစသည့် ကျေးရွာ(၈)ရွာတွင် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း၊ နမ့်မျှော်ကျေးရွာတွင် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် နားမတ်ကျေးရွာတွင် စက်ရေတွင်းတူဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ စုစုပေါင်းကျေးရွာ(၁၇)ရွာတွင် လုပ်ငန်း(၁၈)ခုအား ‌ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သန်း (၁၇၀)၊ ပြည်သူထည့်ဝင်ငွေကျပ် (၁၇)သန်း စုစုပေါင်းငွေကျပ်(၁၈၇)သန်းဖြင့်‌ လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

လုပ်ငန်းများအား ဆောင်ရွက်ရာတွင် ကျေးလက်ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ ကျေးရွာကော်မတီများ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့်         အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဖြိုးစုကျော်  (မောရှမ်းမြေ)