နမ္မတူ ဇွန် ၂၇
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိုဘလန်ဒါကုန်းကျေးရွာ တွင်းနက်တူးဖော်ခြင်းလုပ်ငန်း၊ ဆန်ခါကျေးရွာနှင့် ခိုမကျေးရွာတို့အား စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ကျေးလက်ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၅၅ ဒသမ ၂၂၃ သန်းဖြင့် Shinning Lashio ကုမ္ပဏီမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၆ ရက်က အိုဘလန်ဒါကုန်းကျေးရွာ စက်ရေတွင်းတူးဖော်နေမှု အခြေအနေနှင့် ဆန်ခါကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကျေးရွာသုံးရွာရှိ လူဦးရေ ၈၀၀ ခန့်နှင့် ကျွဲ၊ နွားများအတွက် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းထံမှ သိရသည်။
ဖြိုးစုနိုင်(ကျေးလက်)