နမ္မတူ ၂၇ အောက်တိုဘာ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ပထမဦးဆုံး ကိုဗစ်-၁၉ အတည်ပြု လူနာကို ယနေ့ နံနက် (၁၁)နာရီခန့်က ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်သဖြင့် အတည်ပြုလူနာ မရှိတော့ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရပါသည်။
“အဆိုပါ အတည်ပြုလူနာဟာ အသက်(၂၀)အရွယ် အမျိုးသမီး (၁)ဦး ဖြစ်ပြီး အောက်တို ဘာလ (၈)ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ (မြောက်)၊ ပြင်ပ ဓါတ်အားခွဲစက်ရုံမှ နမ္မတူမြို့နယ်သို့ပြန်လာကာ အခြေခံသတ္တုတွင်း လုပ်ငန်းခွင်သင်တန်းကျောင်း အသွားအလာ ကန့်သတ်စခန်းမှာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ အောက်တိုဘာလ (၁၃)ရက်နေ့မှာ အဲ့ဒီအမျိုသမီး လူနာရဲ့ ဓါတ်ခွဲနမူနာတွေကိုရယူပြီး မန္တလေးအမျိုးသားဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ အောက်တိုဘာလ (၁၆)ရက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ သိရှိခဲ့ရလို့ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်မှာ ထားရှိကုသပေးခဲ့သူ ဖြစ်ပါတယ်” ဟု နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်ထံက သိရှိရပါသည်။
နမ္မတူမြို့နယ်ရှိ အတည်ပြု လူနာဟာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း စောင့်ကြပ်ရက် (၁၁)ရက်ပြည့်မြောက်ကာ ကျန်းမာရေး ကောင်းမွန်တဲ့အတွက် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်က လူနာအား နေအိမ်ရောက်ရင်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ (၇)ရက်သီးသန့်နေထိုင်ရန် မှာကြားပြီး ဆေးရုံဆင်းခွင့် ပြုခဲ့သဖြင့် နမ္မတူမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ပထမဦးဆုံး (၁)ဦးသာရှိခဲ့ပြီး ယခုဆေးရုံဆင်းခွင့် ရခဲ့တဲ့အတွက် အတည်ပြုလူနာ မရှိတော့ကြောင်း သိရှိရပါသည်။
လူမော် (ပြန်/ဆက်)


