နမ္မတူ ၁ မေ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ Mask များ ပေးအပ်ခြင်း၊ ဗီနိုင်းကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လမ်းပြကြယ်ငွေစု ငွေချေးသမဝါယမ အသင်းရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်မြတ်သူနှင်း၊ မိတ်ဆွေကောင်း လူမှုကူညီရေး အသင်းမှ ဦးအောင်ဆန်းမြင့်တို့က လမ်းပြကြယ် ငွေစုငွေချေး သမဝါယမအသင်းတို့နှင့် ပူးပေါင်း၍ ငွေစုငွေချေးလာရောက်သော ဧည်သည့်တော်များအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျှင် ခံစားရသော ရောဂါလက္ခဏာများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဆော်ဩချက်များအား အသိပညာပေး ရှင်းလင်းခဲ့ပြီး ရေမလို လက်သန့်ဆေးရည် အသုံးပြုကာ လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ Mask များပေးအပ်ခြင်း၊ ဗွီနိုင်းကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


