ကျောက်မဲ ၊ ၃၁ ဒီဇင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ့်တော်ကုန်းကျေးရွာအုပ်စု၊ နမ့်တော်ကုန်း-ကောင်းဝိန်း(လွယ်ဝိန်း)ကျောက်ချောလမ်း ၁ မိုင် ၆ ဖာလုံအား ကျောက်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းခမ်းအေး၊ ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်နှင့်အဖွဲ့က ဒီဇင်ဘာ ၃၀ ရက်က ကွင်းဆင်းစစ်ဆေးပြီး လမ်းခင်းရာ၌ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ နမ့်တော်ကုန်း-ကောင်းဝိန်း(လွယ်ဝိန်း) ကျောက်ချောလမ်းအား ခွင့်ပြုရန်ပုံငွေကျပ် ၂၄၁ ဒဿမ ၃၇၇ သန်းဖြင့် B-King ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ငန်းများကို နိုဝင်ဘာ ၁၀ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်း ၃၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ကျောက်မဲခရိုင် ဖွံ့ဖြိုးရေးကြီးကြပ်ရေးရုံးမှ သိရှိရသည်။
အဆိုပါ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ချောမွေ့အဆင်ပြေလာမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


