နမ္မတူ ၉ ဒီဇင်ဘာ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ၊ အလယ်တန်း အဆင့် ပန်းချီပြိုင်ပွဲနှင့် ပုံတူဆွဲပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း က ကျောင်းသား ကျောင်းသူကလေးငယ်များ စာကြည့်တိုက်နှင့် ပိုမိုကျွမ်းဝင်ကာ အသိပညာဗဟုသုတ တိုးပွားစေရန်၊ တီထွင်ကြံဆ ဖန်တီးနိုင်စွမ်း မြင့်မားလာစေရန် ရည်ရွယ်၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ပုံတူဆွဲပြိုင်ပွဲ ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲ အမှတ်ပေး စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းအား အသိပညာပေး ဟောပြောခဲ့သည်။

၎င်းနောက် (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပပြီး ပုံတူဆွဲပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မြို့နယ်တွင်းရှိ အခြေခံပညာသင်ကျောင်း (၅)ကျောင်းမှ အလယ်တန်း ကျောင်းသား/ကျောင်းသူ (၂၅)ဦး ဝင်ရောက် ပါဝင် ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအား (Youth Club) အဖွဲ့ဝင် ဦးကိုငယ်နှင့် (Woman Club)အဖွဲ့ဝင် ဒေါ်သိန်းသိန်းဝင်း တို့က အမှတ်ပေးဒိုင်များအဖြစ် ကူညီဆောင်ရွက်ကာ ထူးချွန်ဆု ရရှိသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက ထူးချွန်ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)