နမ္မတူ ဒီဇင်ဘာ ၂၁

 

ရှမ်ပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု သိသိသာသာ လျော့နည်းလာပြီဖြစ်ပြီး ဈေးရောင်းချသူများအားလုံးနီးပါး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်သည့်အတွက် နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေးအား ဒီဇင်ဘာ ၂၁ ရက်မှစတင်ကာ ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့ ပုံမှန်အချိန်အတိုင်း ဖွင့်လှစ်ရောင်းချခွင့်ပြု ဆောင်ရွက်ရာတွင် ဒေသခံပြည်သူ  ဈေးရောင်းသူ/ဝယ်သူတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဝယ်ယူရောင်းချရန်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဈေးအတွင်းသို့မဝင်မီ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ပါစပ်နှင့်နှားခေါင်းစည်း (Mask)များ တပ်ဆင်စေခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိသည်။

 

နမ္မတူမြို့နယ် မြို့မဈေးကြီးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဇူလိုင် ၁၁ ရက်တွင် ယာယီပိတ်ထားခြင်းဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်တွင် နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိလည်းကောင်း ဖွင့်လှစ်ရောင်းခွင့်ပြုခဲ့ကြောင်းနှင့် ယခု ဒီဇင်ဘာ ၂၁ ရက်မှစတင်ကာ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းထံက သိရသည်။

 

လူမော် (ပြန်/ဆက်)