နမ္မတူ   အောက်တိုဘာ   ၁၈

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့ နံနက် ၈ နာရီခန့်က စတင်ကာ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ထိုးနှံပေးရာတွင် ယခုအသုတ်တွင် Sinovac အမျိုးအစားကာကွယ်ဆေး (၁၆၈)လုံးရရှိပြီး ကာကွယ်ဆေး တစ်လုံးလျှင် ၂ ဦးနှုန်းဖြင့်၊ ယမန်နေ့ မွန်းလွဲပိုင်းက အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၅၀ ဦးကိုလည်းကောင်း၊ ယနေ့တွင် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၂၈၆ ဦးကိုလည်းကောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၃၃၆ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးပြီဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူထားသည့် အသက် (၁၂)နှစ်နှင့် အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ စုစုပေါင်းဦးရေ ၉၀၆ ရှိပြီး ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလင်းအောင်ထံမှ သိရသည်။

 

လူမော် (ပြန်/ဆက်)