နမ္မတူ ၃၀ ဇူလိုင်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နမ္မတူရပ်ကွက်၊ ပန်ဟိုက်ရပ်ကွက်၊ ခိုဖိတ်၊ ဆိုက်ခေါင်၊ ကြူဆော့၊ ဖာဆွမ်၊ မိုင်းရင်၊ ဝိန်းနန်၊ ချောင်းဆာ၊ ပန်လုံ၊ မိုင်းမု၊ မန်စံ၊ နားဆိုင်း၊ ပန်ချင်၊ နမ်းတောင်ကုန်း ကျေးရွာများရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် စာရင်းကပ်ထားကြောညာထားရှိသည့် အခြေအနေ၊ ပြည်သူများ လာရောက်ကြည့်ရှုမှုအခြေအနေ၊ မဲဆန္ဒရှင်အမည်စာရင်း ထည့်သွင်းရန်တောင်းဆိုမှုအခြေအနေ၊ ပြန်လည်ပယ်ဖျက်ရန် ကန့်ကွက်မှုအခြေအနေများနှင့် မှားယွင်းနေမှုကို ပြန်လည်ပြင်ဆင်ပေးရန် လျှောက်ထားမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
နမ္မတူမြို့နယ်၌ ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၁)အုပ်စုတို့တွင် ပထမအကြိမ် ကပ်ထားကြေညာသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် (၃၀၄၃၃)ရှိပြီး လျာထားမဲရုံ (၄၈)ရုံရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ သိရှိရပါသည်။
လူမော်(ပြန်/ဆက်)