နေပြည်တော်၊ ၆ ဇန်နဝါရီ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊  Mekong Institute တို့ပူးပေါင်း၍ မဲခေါင် - ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (Mekong -Korea Cooperation Fund-MKCF) ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အားပေးရန် နမူနာပြ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ခြင်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဆိုပါစီမံကိန်းသည် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသခံများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ရန် ရည်ရွယ်၍ စီမံကိန်း ၂ နှစ်တာကာလအတွင်း နေပြည်တော်နှင့် ကယားပြည်နယ်တို့၌ နမူနာပြ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို အခြေခံသော စီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းနှင့် အရာထမ်းများ၊ Mekong Institute မှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပေါင်းစပ်ညှိနှိုင်းရေးဌာန၏ ညွှန်ကြားရေးမှူးနှင့် Mekong- Korea Cooperation Fund-MKCF ဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သော Mr. Madhurjya Kumar Dutta နှင့် ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ကယားပြည်နယ်တို့မှ အရာထမ်းများ၊ တက်ရောက်ကြသည်။

 

သတင်းစဉ်