ကော့ကရိတ်  ၂၈  အောက်တိုဘာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် စွန့်ဦးလူငယ်ပညာရှင်များအဖွဲ့ (YSI)တို့သည် ယနေ့ နံနက် ပိုင်းက ကော့နွဲကျေးရွာ အကျိုးဆောင်တောင်သူ ဒေါ်စေးစေးလွယ်၏ လယ်မြေ ၃ ဧက၌ တောင်သူများကို ပျိုးသက်နုကြဲ SRI စိုက်နည်းစနစ်ဖြင့် နှံကောက်စပါးမျိုး မျိုးစေ့ထုတ်စံပြစိုက်ခင်းအား ရိတ်သိမ်းခြင်း၊ အသိပညာပေးဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်သူးလေထီးက စံကွက်  ရိတ်သိမ်းရခြင်း၏ ရည်ရွယ်ချက်နှင့် စပါးအထွက်နှုန်းကို အဓိကလွှမ်းမိုးသည့် ကောက်ကွက်၊ ပင်ပွား၊ တစ်နှံပါအောင်စပါးစေ့နှင့် အလေးချိန်အကြောင်းတို့ကို နည်းပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်နိုင်က လက်ရှိပြောင်းလဲနေသော ရာသီဥတုနှင့်အညီ SRI၊ Seeder၊ ကြဲခင်း၊ ဘောင်ပျိုး၊ ရိုးရိုးပျိုးတို့ကို စိုက်နည်းစနစ်ကို သိရှိနားလည်၍ မိမိလယ်မြေနှင့် ကိုက်ညီသည့်စနစ်ကိုရွေးချယ်နိုင်မှ စီးပွားရေးတွက်ချေကိုက်မည်ဖြစ်ကြောင်းနှင့် YSI အဖွဲ့အနေဖြင့် စံပြကွက်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်ထိ ထွက်ရှိသည့် တစ်ဧကတင်း အထွက်နှုန်းတို့ကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် Farmer to Farmer နည်းပညာပေးဆွေးနွေးကြရာ အကျိုးဆောင်တောင်သူ ဒေါ်နော်စေးဖော်မှ SRI စိုက်နည်းစနစ် ဆောင်ရွက်ခဲ့မှုအခြေအနေကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် တောင်သူများမှ မိမိတို့သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)