မြစ်ကြီးနား ၁၈ အောက်တိုဘာ
မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ နန့်မြစ်ခတံတား၊ မချမ်းဘော-ဖရူခ- ရပ်ဘော့-နောင်မွန်လမ်းပေါ် ထီခတံတားနှင့် ထာခတို့ကို ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့် လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း ကချင်ပြည်နယ် အခြေစိုက်တံတားအထူးအဖွဲ့ (၁) သိရ သည်။
“ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ တံတားသုံးစင်းက ကချင်ပြည်နယ်အတွင်းက ပြည်သူတွေ အသုံး များတဲ့ လမ်းပိုင်းတွေက တံတားတွေဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် နှစ်စပိုင်း ဇန်နဝါရီလ အတွင်းမှာ ဒီတံတားသုံးစင်းကို ဖွင့်လှစ်သွားဖို့ စီစဉ်နေပါတယ်။ ပထမတစ်စင်းက မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း ဝိုင်းမော်မြို့နားက ပေ ၃၀၂ အရှည်ရှိတဲ့ လေးလမ်းသွား နန့်မြစ်ခတံတား ဖြစ်ပါတယ်။ ကျန်တဲ့နှစ်စင်းက မချမ်းဘော-ဖရူခ- ရပ်ဘော့-နောင်မွန် လမ်းပေါ်မှာရှိတဲ့ ပေ ၄၀၀ အရှည်ရှိ ထီခတံတားနဲ့ ပေ ၂၀၀ အရှည်ရှိ ထာခ တံတား တွေဖြစ် ပါတယ်” ဟု တံတားအထူးအဖွဲ့ (၁) မှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှ က ပြောကြားသည်။
“မချမ်းဘော-ဖရူခ- ရပ်ဘော့-နောင်မွန်လမ်းပေါ်က ထာခတံတားအသစ်ကို မဖွင့် လှစ်ရသေးပေမယ့် ပြည်သူတွေ အသုံးပြုနေပြီဖြစ်ပါတယ်။ ထီခတံတားကလည်း အချောသတ် လုပ်ငန်းတွေ၊ ချဉ်းကပ်လမ်း လုပ်ငန်းတွေလည်း လုပ်နေပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေး နှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က ၂၀၄ ပေ ဆီနင်က တံတား၊ ပေ ၂၄၀ ဖုန်ချန်တံတား၊ ပေ ၂၂၀ ဆွမ်ပီယာန် တံတားတွေကိုလည်း သတ်မှတ်ချိန်အပြီး ဆောင်ရွက်ဖို့ စီမံချက်ရေး ဆွဲထားပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှ က ပြောသည်။
ကေကေ၊ ဓာတ်ပုံ-ထိန်နန်နော်



