နေပြည်တော် ၂၂ အောက်တိုဘာ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးကန် အရှေ့ဘက်ပိုင်း နန့်မွန်း-ချောင်းဝ-ညောင်ပင်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးပါက အင်းတော် ကြီးကန် အနောက်ဘက်ပိုင်း ဟိုပင်-နန့်မွန်း-လုံးတုံ-ညောင်ပင်လမ်းမကြီးနှင့် ချိတ်ဆက် သွားမည်ဖြစ်ကာ အင်းတော်ကြီးကန်တစ်ပတ် အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာ နကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
“အင်းတော်ကြီးရဲ့ အနောက်ဘက်ပိုင်း ဟိုပင်-နန့်မွန်း-လုံးတုံ-ညောင်ပင်လမ်း မကြီးက လမ်းဦးစီးဌာနက အကောင်အထည်ဖော်ပြီးသားပါ။ အင်းတော်ကြီး အရှေ့ဘက် ပိုင်း လမ်းကတော့ အရင်ကမြေသားလမ်းပါ။ မြေသားလမ်းဖြစ်တဲ့အတွက် မိုးတွင်းဆို လမ်းမကောင်းတာမျိုး ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့နန့်မွန်း-ချောင်းဝ-ညောင်ပင်လမ်းကို ဆောင်ရွက်နေပါပြီ။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် ကုန်ရင် နန့်မွန်းဘက်ခြမ်းကနေ ၂၅မိုင် ဆောင်ရွက်ပြီးမှာဖြစ်ပါတယ်။ ညောင်ပင်ရွာ ဘက်ခြမ်း ၁ မိုင်က ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ကြားထဲမှာ ၁၀ မိုင် ကျန်ပြီးတော့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အပြီး ဆောင်ရွက်သွားမှာပါ။
“ဒီလမ်းပိုင်း ဆောင်ရွက်ပြီးသွားရင် အင်းတော်ကြီးကန်တစ်ပတ်လုံး လမ်းကောင်း သွားပြီ။ အင်းတော်ကြီးကန်ကို ခရီးသွားတွေကစိတ်ဝင်စားကြတယ်။ ပြီးတော့ အင်းတော်ကြီး ပတ်ဝန်းကျင်က စိုက်ပျိုးရေးအားကောင်းတယ်။ ဒီလမ်းပိုင်းပြီးသွားရင် ဒေသခံတွေရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေလည်း သယ်ယူပို့ဆောင်ရတာ ပိုအဆင်ပြေလာ မှာပါ” ဟု ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဆွေက ပြောပြသည်။
နန့်မွန်း-ချောင်းဝ-ညောင်ပင်လမ်းသည် ၃၆မိုင် အရှည်ရှိပြီး အဆိုပါ လမ်းပိုင်း ပြီးစီးပါက ကျေးရွာ၁၅ရွာမှ အိမ်ခြေ ၄၅၇၅ အိမ်၊ လူဦးရေ ၂၇၂၇၀ ဦးကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကေကေ၊ ဓာတ်ပုံ-ထိန်နန်နော်


